နေပြည်တော် ၂၉ ဇွန်
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ အမှတ် (၁၄) အကြီးစား စက်ရုံသို့ရောက်ရှိပြီး စက်ရုံမှ ထုတ်လုပ်ထားရှိသည့် မြင်းကောင်ရေ ၂၀ဝ၀ အားရှိ V16 ဒီဇယ်အင်ဂျင်များကို Test Bench များ ပေါ်တွင် စွမ်းအားပြည့်မောင်းနှင် စမ်းသပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စက်ရုံမှ V6 နှင့် V8 အင်ဂျင်များအား အတွေ့အကြုံရှိ ပညာရှင်များနှင့် ပူးပေါင်းပြီး LPG/ CNG/ LNG/ Bio Gas နှင့် ဒီဇယ်အသုံးပြု Multi-Fuel Engine များအဖြစ် ပြောင်းလဲပြီးGenerator နှင့်တွဲဖက်ကာ ၂၂၀နှင့် ၁၄၀ကီလိုဝပ် Silent Type Gen Set များအဖြစ် ရန်ကုန်မြို့ရှိ အမှတ်(၂၄) အကြီးစားစက်ရုံ(ဒဂုံ)တွင် စမ်းသပ်အောင်မြင်ပြီးဖြစ်၍ ဈေးကွက်အတွင်း စတင် အသုံးပြုရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း။
အဆိုပါ အောင်မြင်မှုမှ နည်းပညာများကို ရယူ၍ V16 အင်ဂျင်များအားလည်း Multi-Fuel Engine အဖြစ်ပြောင်းလဲပြီး Generator နှင့်တွဲဖက်၍ 1500 KVA Gen Set များထုတ်လုပ်သွားရန်ဖြစ်ကြောင်း၊ ထို့အပြင် အမှတ်(၂၆)အကြီးစား စက်ရုံမှ ထုတ်လုပ်ပြီး Gen Set များကိုလည်း Silent Type များအဖြစ်အဆင့်မြှင့်တင် ထုတ်လုပ် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ Multi-Fuel Engine သုံး Silent Type Gen Set များအားလျှပ်စစ်ဓာတ်အား အဆက်မပြတ်အသုံးပြုမည့် စက်ရုံများနှင့် ဆေးရုံများတွင် Stand By (အရန်)အဖြစ်လည်းကောင်း၊ လျှပ်စစ် ဓာတ်အား မရရှိသေးသည့် ဒေသများတွင်လည်း လောင်စာဆီကုန်ကျစရိတ် သက်သာစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျှော့နည်းစေမည် ဖြစ်ကြောင်း။
စမ်းသပ်မှုမှရရှိသည့် အချက်အလက်များကို စနစ်တကျမှတ်တမ်းထားရှိရန် လိုကြောင်း၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုများကို အမြဲမပြတ်ဆောင်ရွက်ကြရန် လိုကြောင်း၊ After Sale Services လုပ်ငန်းများဆောင်ရွက်နိုင်ရေးကြိုတင် စီမံထားရန် လိုကြောင်း၊ သုံးစွဲသူ Customer များ၏ အကြံပြုချက်များကိုလည်းသုံးသပ်၍ အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်သွားရန်နှင့် လက်တွေ့ကျကျ အသုံးချနိုင်ရေးအတွက် အမြန်ဆုံး ကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားပြီး လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် သာဂရစက်မှုနယ်မြေရှိစက်ရုံများမှ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုမည့် Multi-Fuel Type Engine နှင့်ဓာတ်အားပေး မီးစက်များ၊ လျှပ်စစ်ဘတ်စ်ကားများ၊ Mini Hydro Turbine များ၊ ကောက်ပဲသီးနှံ အခြောက်ခံစက်များနှင့် Silo များကို ဈေးကွက် လိုအပ်ချက်များ၊ နိုင်ငံတကာစံချိန်စံညွှန်းများအတိုင်း အစိုးရ-ပုဂ္ဂလိကပူးပေါင်း၍ Private Public Partnership (PPP)စနစ်ဖြင့် မူဝါဒများနှင့်အညီပေါင်းစပ် ညှိနှိုင်းထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


