နေပြည်တော် ၂၉ ဇွန်
လယ်ယာထွက်ကုန်သီးနှံများ တင်ပို့နိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးဦးလှကျော် တက်ရောက် အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးကျော်မင်းဦး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာ့ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနများနှင့် ဆက်စပ်ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဆန်တင်ပို့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံGeneral Administration of Customs China –GACC သို့ ပေးပို့မည့် ကုမ္ပဏီနှင့် ဆန်စက်များဆိုင်ရာကိစ္စ ဆန်နှင့် ဆန်ကွဲတင်ပို့နိုင်ရန် အတွက် တရုတ်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်ပဆန်တင်ပို့မှုနှင့်ပတ်သက်၍ လက်ရှိ အခြေအနေထက် တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ဆန်စပါးသီးနှံ အရည်အသွေးပြည့်မီရေးအတွက် မြေပြင် ကွင်းဆင်း လေ့လာဆောင်ရွက်ချက်များကို အရေးကြီးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်သွားရန်၊ ဆန်လိုအပ်ချက်အရဆက်သွယ်လာ သောနိုင်ငံများသို့ အစိုးရအချင်းချင်းညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေးနှင့် ပြည်ပဈေး ကွက်သစ်ရှာဖွေရေးဆိုင်ရာကိစ္စ၊ အရည်အသွေးကောင်း ပြောင်းသီးနှံတင်ပို့ရောင်းချ နိုင်ရေးဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဆီထွက်သီးနှံဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆီထွက် သီးနှံတင်သွင်းရေးဆိုင်ရာ မူဝါဒရေးဆွဲဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဌာနများထံမှ သဘောထားမှတ်ချက် တောင်းခံဆောင်ရွက်နေမှု၊ ဆန်အပါအဝင် အခြားအရေးကြီးသီးနှံများဖြစ်သည့် အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံသီးနှံများ တင်ပို့ ရောင်းချနိုင်ရေးဆိုင်ရာကိစ္စ၊ National Export Strategy ဖြင့် ပို့ကုန်တိုးမြှင့်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ သွင်းကုန်ဆိုင်ရာ National Import Strategy အကောင်အထည်ဖော် ဆောင်ရွက်ရန်ကိစ္စ၊ လယ်ယာထွက်ကုန်သီးနှံများနှင့် မွေးမြူရေး ထုတ်ကုန်များ အရည်အသွေးပြည့်မီပြီး အစားအစာ ဘေးကင်းလုံခြုံရေးစံများနှင့် ကိုက်ညီသည့် ပြည်တွင်းထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် တင်ပို့ရောင်းချနိုင်ရေးတို့အတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ အလွှာစုံပါဝင်ဆွေးနွေးနိုင်သည့် ဖိုရမ်များကျင်းပ ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


