စစ်တွေ ၂၉ ဇွန်
နိုင်ငံတော်အစိုးရက ဝန်ထမ်းများ အဆင်ပြေစွာ နေထိုင်နိုင်ရေးနှင့် သက်သာ ချောင်ချိရေးအတွက် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာများကို မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်နယ် နှင့်တိုင်းဒေသကြီးများ၌ တည်ဆောက်ပေးလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း လိုအပ်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် တည်ဆောက်ပေးလျက်ရှိကြောင်း ရခိုင်ပြည်နယ် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
"လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်မှာ ဝန်ထမ်းအငှားအိမ်ရာ ၁၆ လုံး တည်ဆောက်ပေးနေပါတယ်။ အခန်းပေါင်း က ၂၄၄ ခန်းပါ။ ပထမဦးစားပေးအနေနဲ့ အဝေးက လာရောက် တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေ အတွက်ဖြစ်ပြီး ဒုတိယဦးစားပေးကတော့ ဒေသခံဝန်ထမ်းတွေအတွက် ဖြစ်ပါတယ်။
စည်းကမ်းချက်မှာ အဝေးကလာရောက် တာဝန်ထမ်းဆောင်သူ၊ ပြီးမှ ဒေသခံ၊ အဝေးက လာတဲ့သူမှာလည်း ရာထူးကြီးတဲ့သူနဲ့ ရာထူးငယ်တဲ့သူ နှစ်ဦးမှာ ဝင်ငွေနည်းတဲ့သူကို ဦးစားပေးရမယ်။ ဝင်ငွေနည်းတဲ့ သူချင်းတူတာတောင် အိမ်ထောင် သည် ဦးစားပေး၊ ဝင်ငွေနည်းတဲ့သူချင်း အိမ်ထောင်သည် နှစ်ဦးဖြစ်နေရင် သားသမီးများတဲ့သူ ဦးစားပေး၊ ဒီလိုဦးစားပေး စနစ်တွေနဲ့ ဝန်ထမ်းတွေ အဆင်ပြေပြေ နေထိုင်နိုင်ဖို့နဲ့ သက်သာချောင်ချိရေးအတွက် နိုင်ငံတော် အစိုးရက စေတနာထား ဆောင်ရွက်ပေး နေတာပါ"ဟု ရခိုင်ပြည်နယ် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ထွန်းနိုင်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာများကို မြို့နယ် ၉ မြို့၌ တည်ဆောက်ပေးလျက်ရှိပြီး စစ်တွေမြို့တွင် ၄ ခန်းတွဲ ၄ ထပ် ၃ လုံး၊ ပုဏ္ဏား ကျွန်းမြို့ တွင် ၄ ခန်းတွဲ ၄ ထပ် ၁ လုံး၊ ကျောက်တော်မြို့တွင် ၄ ခန်းတွဲ ၄ ထပ် ၁ လုံး၊ မြောက်ဦးမြို့တွင် ၄ ခန်းတွဲ ၄ ထပ် ၁ လုံး၊ ရသေ့တောင်မြို့တွင် ၄ ခန်းတွဲ ၃ ထပ် ၂ လုံး၊ ကျောက်ဖြူမြို့တွင် ၄ ခန်းတွဲ ၄ ထပ် ၄ လုံး၊ ရမ်းဗြဲမြို့တွင် ၄ ခန်းတွဲ ၄ ထပ် ၁ လုံး၊သံတွဲ ၄ ခန်းတွဲ ၄ ထပ် ၂ လုံးနှင့် ဂွမြို့တွင် ၄ ခန်းတွဲ ၃ ထပ် ၁ လုံး စုစုပေါင်း တိုက် ၁၆ လုံးနှင့် အခန်း ၂၄၄ ခန်း ပါရှိကြောင်း သိရသည်။
"အခန်းတစ်ခန်းကို ခန့်မှန်းချေ သိန်း ၂၁၀ ကုန်ကျတယ်။ အခန်းမှာ ညွှန်ကြား ရေးမှူးတစ်ယောက်ကို ထားမယ်ဆိုရင်တောင် လစာနဲ့တွက်ရင် ငှားခ တစ်သောင်း ရှစ်ထောင်လောက်ပဲရမယ်။ တစ်နှစ်စာမှ နှစ်သိန်းကျော်ပဲ နိုင်ငံတော်က ပြန်ရတယ်။ ညွှန်ကြားရေးမှူး တစ်ယောက်ကို ငှားထားရင်တောင် နှစ် ၉၀ ကျော်မှ အရင်းကျေတယ်။ ပြင်ပအိမ်ငှားပေါက်ဈေး တွေနဲ့ တစ်ခြားစီပဲ၊ အဆောက်အဦးတစ်ခုက နှစ် ၆၀ ကျော်ရင် အန္တရာယ်ရှိ အဆောက်အအုံဖြစ်သွားတာ အခုက နှစ် ၉၀ ကျော်မှ အရင်းကျေတာဆိုတော့ စဉ်းစားသာကြည့်တော့ ဒါက ကြားထဲမှာ ပြုပြင်ထိန်းသိမ်းရေး စရိတ်တွေ မပါသေးဘူး။ ဝန်ထမ်းတွေအတွက် သက်သာချောင်ချိရေး လုပ်ပေးတာ နိုင်ငံတော်က ရှုံးပါတယ်။ ဒီလို နိုင်ငံတော်က ဆောင်ရွက်ပေးတာက အမြတ် ရရှိရေးအတွက် မဟုတ်ဘဲ ဝန်ထမ်းတွေ သက်သာချောင်ချိရေးကို ဦးတည်ဆောက်ရွက် နေတာ ဖြစ်ပါတယ်"ဟု ညွှန်ကြားရေးမှူး ဦးအောင်ထွန်းနိုင်က ဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာများ တည်ဆောက် ပြီးစီးမှု ရာခိုင်နှုန်းသည် ၅၀ ရာခိုင်နှုန်း ၃ လုံး၊ ၂၅ ရာခိုင်နှုန်း ၉ လုံးနှင့် ၂၅ ရာခိုင်နှုန်းအောက် ၄ လုံး တည်ဆောက်ပြီးစီးနေပြီးဖြစ်ပြီး ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေး နှစ်ကုန်ပိုင်း၌ ရာနှုန်းပြည့် ပြီးစီးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်တွေမြို့ရှိ ပြည်နယ်မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဟန်မင်း


