ရန်ကုန် ၂၉ ဇွန်
ခုခံအားကျဆင်းမှု (HIV/AIDS) ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါကာကွယ် နှိမ်နင်းရေးနှင့် အမျိုးသားအဆင့် ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေး စီမံချက် လုပ်ငန်းဆိုင်ရာ လေ့လာဆန်းစစ်မှုတွေ့ရှိချက်များ တင်ပြဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Melia Hotel၊ ရန်ကုန်မြို့၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုင်းဒေသကြီး/ ပြည်နယ် (၅) ခုတို့တွင် ခုခံအားကျဆင်းမှု (HIV/AIDS) ရောဂါကူးစက် ဖြစ်ပွားမှု၊ ရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် အမျိုးသားအဆင့် ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေး စီမံချက် လုပ်ငန်းဆိုင်ရာ ကွင်းဆင်းစစ်တမ်းကောက်ယူမှုနှင့် လေ့လာသုံးသပ်မှုများကို ပြည်တွင်းနှင့် နိုင်ငံတကာမှ ပညာရှင်များပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံတွင် ခုခံအားကျ ဆင်းမှု (HIV/AIDS) ရောဂါ ဖြစ်ပွားကူးစက်မှု မြေပြင်အခြေအနေများကို တိုက်ရိုက်ထင်ဟပ် ပြသနိုင်သည့် မှန်ကန်တိကျသော နောက်ခံအချက်အလက် များကိုရရှိနိုင်မည်ဖြစ်ပါကြောင်း။
“ခုခံအားကျဆင်းမှုရောဂါကူးစက်ပြန့်ပွားမှုများ (၂၀၃၀) ခုနှစ်တွင် အဆုံးသတ်ရပ်တန့် စေရေး” ရည်မှန်းချက်ကိုရရှိအောင်မြင်စေရန် အတွက် ကျန်းမာရေးစီမံခန့်ခွဲမှု အထောက်အကူပြု သတင်းအချက်အလက်စနစ်မှ အချက်အလက်များနှင့် ယခုကွင်းဆင်းစစ်တမ်း ကောက်ယူလေ့လာရာတွင် တွေ့ရှိချက်များကိုအခြေခံ၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက် နေထိုင်မှုအလေ့အထ၊ ယဉ်ကျေးမှုထုံးတမ်းများ၊ လူမှုစီးပွားနှင့် ဖွံ့ဖြိုး တိုးတက်မှုစသည့် နောက်ခံအချက်အလက်များနှင့် ကိုက်ညီဆီလျော်မှုရှိသည့် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ခုခံအားကျဆင်းမှု (HIV/AIDS) ရောဂါတိုက်ဖျက်လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်မှု၊ အကျိုးထိရောက်မှုနှင့် အောင်မြင်မှုအခြေအနေများကို အမြဲမပြတ်ကြည့်ရှု ဆန်းစစ်သည့် စနစ်ကိုပါ တစ်ပါတည်းထည့်သွင်းဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။
ခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေး လုပ်ငန်း များဆောင်ရွက်ရာတွင် ရောဂါဖြစ်ပွားသူများ၏ ခံယူချက်သဘောထားများကိုဆန်းစစ်၍ ၎င်းတို့၏ရှုထောင့်မှနေ၍ ဘက်စုံစဉ်းစား ကာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dr. Stephan Paul Jostက တင်ပြဆွေးနွေးပွဲနှင့် ပတ်သက်၍ မိတ်ဆက်စကားပြောကြားသည်။
ဆက်လက်၍ လေ့လာဆန်းစစ်မှုတွေ့ရှိချက်များကိုအဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင် Dr. David Jacka၊ AIDS Project Management Group Director Mr. Dave Mark Burrowsနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်Dr. Nathan Shafferတို့က ရှင်းလင်းတင်ပြသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုမှုများဆောင်ရွက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးကနိဂုံးချုပ် အမှာစကားပြောကြားရာတွင် ခုခံအားကျဆင်းမှု (HIV/AIDS) ရောဂါအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၂၅) ရေးဆွဲရာတွင်လက်တွေ့မြေပြင်၌လုပ်ငန်းဆောင်ရွက်နေသည့် အခြေခံကျန်းမာရေး ပညာရှင် ဝန်ထမ်းများကိုလည်း ပါဝင်လုပ်ဆောင်စေရမည်ဖြစ်ပါကြောင်း၊ ခုခံကျရောဂါပိုးရှိသဖြင့် ကုသမှုခံယူသူများ ART ဆေးဝါးစွဲမြဲစွာသောက်သုံးစေရန်နှင့် အခြားသူများထံသို့ ရောဂါကူး စက်ပြန့်ပွားစေမည့် အပြုအမူများကို ရှောင်ကြဉ်ရန်အတွက် နှစ်သိမ့်ဆွေးနွေးသူများ၏ အရည်အချင်းနှင့် အခန်းကဏ္ဍလွန်စွာအရေးကြီးပါကြောင်း၊ စစ်တမ်းလေ့လာတွေ့ ရှိချက်များတွင် ခုခံကျရောဂါကုသသည့် ART ဆေးဝါးကိုစွဲမြဲစွာမသောက်ခြင်း၊ အန္တရာယ်ရှိသော လိင်ဆက်ဆံမှုပြုလုပ်ခြင်းနှင့် ကွန်ဒုံးအသုံးပြုမှု (၆၀) ရာခိုင်နှုန်းထက် လျော့နည်းနေခြင်းစသည့် အချက်များကို တွေ့ရှိရသဖြင့် အဆိုပါအချက်များကိုဖြစ်ပွားစေသည့် ဇစ်မြစ်အကြောင်းအရင်းများကို ရှာဖွေဖော်ထုတ်၍ အဖြေရှာဆောင်ရွက် သွားရမည်ဖြစ်ပါ ကြောင်း၊ ခုခံကျ/ကာလသားရောဂါ ကာကွယ်တိုက်ဖျက်ရေး ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်း လုပ်ငန်းများ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လေ့လာသုံးသပ်မှုမှ တွေ့ရှိချက်များကိုအခြေခံ၍ ပြည်သူ့တစ်ရပ် လုံး၏ အကျိုးစီးပွားကိုရည်မျှော်ကာ ဝန်ကြီးဌာနအနေဖြင့် ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးရောဂါများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
(သတင်းစဉ်)


