၃၀ ဇွန်
၂၀၁၈ ခုနှစ် မတ်လက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် လယ်ယာကဏ္ဍဆွေးနွေးပွဲ၌ ဆန်စပါး အခြေခံဈေးနှုန်းအဖြစ် သတ်မှတ်အရည်အသွေး ပြည့်စုံသည့် စပါးတင်းတစ်ရာကို ငွေကျပ် ငါးသိန်းနှုန်း ကြေညာဆောင်ရွက်ပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အထူးအလေးပေး တိုက်တွန်းခဲ့ရာ အ ဆိုပါအခြေခံဈေးနှုန်းအတိုင်း သတ်မှတ်ကြေညာ၍ ရောင်းဝယ်ဖောက်ကားခဲ့ကြသည်။
ဆန်စပါးအခြေခံဈေးနှုန်း သတ်မှတ်ပေးခဲ့ခြင်းသည် ထိုအချိန်ကာလက စပါးစိုက်တောင်သူဦးကြီးများ ၄င်းတို့စိုက်ပျိုးသော ဆန်စပါးရောင်းဝယ်ဖောက်ကားရေးတွင် ဈေးနှုန်းကျမှုဒဏ်ကိုကာမိစေရန်ဖြစ်နိုင်ခြေရှိသည့် ခန့်မှန်းဈေးနှုန်းတစ်ခုကို တောင်သူလယ်သမား ဦးကြီးများ၏ အကျိုးစီးပွားအတွက် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် မည်သည့်အရာဝတ္ထုပစ္စည်းမဆို အခြေအနေ အချိန်အခါအလိုက်ပြောင်းလဲတတ်သည့်သဘောရှိရာ နောက်စိုက်စပါးရာသီတွင် အဆိုပါ စပါးဈေးနှုန်းမှာ တောင်သူတို့အဖို့ တွက်ခြေမကိုက်ဖြစ်ရသည်။
၂၀၁၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူလယ်သမားများနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသခံတောင်သူဦးကြီး တစ်ဦးက စပါးသီးနှံအခြေခံသတ်မှတ်ဈေးနှုန်းနှင့်စပ်လျဉ်း၍ ၄င်းတို့၏အခက်အခဲများကိုတင်ပြခဲ့ရာ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “အခြေခံဈေးနှုန်း သတ်မှတ်ရေးဆိုတာ ဈေးကွက်အခြေအနေ၊ ထုတ်လုပ်မှုအနေအထား စတဲ့ အခြေခံအကြောင်းရင်းတွေကိုအခြေပြုပြီး ရေရှည်အားဖြင့် စဉ်ဆက်မပြတ် ပြောင်းလဲပြင်ဆင်သွားရမယ့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တယ်ဆိုတာကို အလေးထားပြီးတိုက်တွန်းမှာကြားလိုပါတယ်” ဟု ပြောကြားခဲ့သည်။
သီးနှံဈေးကွက်သည် ငွေကြေးဈေးကွက်ကဲ့သို့ နေ့စဉ်ပြောင်းလဲနေသဖြင့် တစ်ရာသီပြီးလျှင် တစ်ရာသီ၊ တစ်နှစ်ပြီးလျှင်တစ်နှစ် ပြောင်းလဲသတ်မှတ် ကြေညာပေးနေရမည်သာ ဖြစ်သည်။ နိုင်ငံတကာတွင်စိုက်ပျိုးရာသီမတိုင်မီ ပြည်တွင်း၊ ပြည်ပဈေးကွက် အခြေအနေများအား လေ့လာသုံးသပ်ပြီး ကြိုတင်ကြေညာ ပေးလေ့ရှိသည်။ ကြေညာပေးသော အခြေခံစိုက်ပျိုးသီးနှံဈေးနှုန်းကိုလေ့လာပြီး စိုက်ပျိုးသူတောင်သူများက ၄င်းတို့တွက်ခြေကိုက်သော သီးနှံများကို ရွေးချယ်စိုက်ပျိုးလေ့ရှိသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တောင်သူလယ်သမားများ အကျိုးစီးပွားကိုရှေးရှု၍ သီးနှံအားလုံးအတွက် အခြေခံဈေးနှုန်း မသတ်မှတ်နိုင်သေးမီ တောင်သူလယ်သမားအများစု စိုက်ပျိုးနေကြသော မြေပဲ၊ နှမ်း၊ ပြောင်း၊ ကြံ စသည့် အဓိက စိုက်ပျိုးသီးနှံများကို အခြေခံဈေးနှုန်း သတ်မှတ်နိုင်ရန် အဆိုပါအခမ်းအနားတွင် အကြံပြုပေးထားသည်။ ဆန်စပါးနှင့်ပတ်သက်၍ ယမန်နှစ်အခြေခံဈေးနှုန်းကြေညာခဲ့ပြီးနောက်ကြုံတွေ့ရသော အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး ကဏ္ဍအလိုက် ဝိုင်းဝန်းအဖြေရှာ ဆောင်ရွက်ရမည် ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွား၊ နိုင်ငံ့အကျိုးစီးပွားတို့အတွက် စိုက်ပျိုးရေးထွက်ကုန်များ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝင်ရေးအတွက် အလေးထား၍ အစဉ်အမြဲကြိုးပမ်း ဆောင်ရွက်နေသည်။ နိုင်ငံအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း ညှိနှိုင်းဆောင်ရွက်ပေးနေသည်။ ဈေးမှန်ရရှိရေး၊ ဈေးကွက်ပွင့်လင်းရေး ချိတ်ဆက်ဆောင်ရွက်ပေးနေသည်။ ထိုသို့ဆောင်ရွက်ပေးသော်လည်း အခြေအနေအကြောင်းကြောင်းကြောင့် သီးနှံဈေးနှုန်းကျဆင်းပါက ဝယ်ယူရေး၊ သိုလှောင်ရေး အစီအစဉ်များကို အစိုးရနှင့် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေသည်။
သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းòန်မှာကြားသည့်အတိုင်း တောင်သူလယ်သမားများ၊ ကျေးလက်နေပြည်သူများ အကျိုး စီးပွားကို ရှေးရှု၍ စိုက်ပျိုးသီးနှံအထွက်တိုးရေး၊ ဈေးကွက်ဝင်ရေးတို့ကိုတစ်ရာ သီတည်းအတွက်၊ တစ်နှစ်တည်းအတွက် မဟုတ်ဘဲ တစ်ရာသီပြီး တစ်ရာသီ၊ တစ်နှစ်ပြီးတစ်နှစ် စဉ်ဆက်မပြတ် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ