မိုးမိတ် ၃၀ ဇွန်   

 

ရှမ်းပြည်နယ်လွှတ်တော်က ရေးဆွဲသည့် အခြေခံပညာကျောင်းများတွင် ဘေးကင်းစိတ်ချရသော အစားအသောက် ဥပဒေ(မူကြမ်း)အပေါ် အလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မြို့နယ်ခန်းမတွင် ဇွန် ၃၀ ရက် နံနက် ၉ နာရီက ကျင်းပသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီဝင်းက ဘေးကင်းစိတ်ချရသော အစားအသောက်ဥပဒေ(မူကြမ်း)တွင် အခြေခံပညာကျောင်းများတွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်၍ အာဟာရပြည့်ဝသော အစားအသောက်များ ရရှိနိုင်စေရန်နှင့် အခြေခံကျောင်းများတွင် ဘေးအန္တရာယ်
ဖြစ်စေနိုင်သော အစားအသောက်များကို အချိန်မီ တားမြစ်ထိန်းချုပ်နိုင်ရန် ဟူသော ရည်ရွယ်ချက်များဖြင့် ရေးဆွဲ ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းသီဟက  အဆိုပါဥပဒေမူကြမ်းတွင် အခန်း (၁၃)ခန်း ပါရှိပြီး အဓိကကဏ္ဍအနေဖြင့် အခန်း(၇)မှစတင်၍ ဝိုင်းဝန်းဆွေးနွေးသွားကြရန် ပြောကြားခဲ့သည်။

 

အခြေခံပညာကျောင်းများတွင် ဘေးကင်းစိတ်ချရသော အစားအသောက်ဥပဒေ(မူကြမ်း)တွင် ပညာရှင်ဖြစ် သော ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းသားကိုယ်စားလှယ်များကိုလည်း ထည့်သွင်း၍ ဖွဲ့စည်းထားစေလိုကြောင်း လက်ခုပ်တန်းရပ်ကွက်နေ ကိုဇော်က ပြောသည်။ 

 

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်ဥပဒေ အရာရှိနှင့် မြို့နယ်အတွင်းရှိ ကျောင်းသီးသီးမှ ဆရာ၊ ဆရာမများ၊ ကျောင်းဈေးသည်များက အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 


စည်သူဌေး (မိုးမိတ်သား)