မြန်အောင် ၃၀ ဇွန်

                   

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မကျီးစု မြန်အောင်တာမိုင် (၆/၃)တွင် ယနေ့နံနက်ပိုင်းက မိုးရာသီရေဘေးကာကွယ်ရေး ပညာပေးသရုပ်ပြပွဲကို မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခင်မောင်လတ် နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ဧရာဝတီမြစ် ကမ်းဘေးနေ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ 

 

အခမ်းအနားတွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးသိန်းဌေးက မိုးရာသီကာလ ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိသော ကျေးရွာများရှိ ကျေးလက်ပြည်သူများ ရေဘေးအန္တရာယ် ကာကွယ်ရေးနည်းလမ်းများနှင့် သတိပြုရမည့် အချက်များကို သိရှိနားလည်ရန် လိုအပ်ကြောင်းနှင့် ဧရာဝတီမြစ်ကမ်းဘေး ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ရေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များဖြစ်သည့် တာထိပ်ပေါ် ရေကျော်ခြင်း၊ ရေပေါက်(ထူးပေါက်)ပေါက်ခြင်း၊ တာအိခြင်း၊ သဲဗွက်ထခြင်း၊ လှိုင်း ပုတ်ခြင်း၊ ကမ်းပြိုခြင်း၊ ရေစိမ့်ခြင်းစသည်တို့ ဖြစ်ပေါ်ရသည့် အကြောင်းရင်းများ၊ ကာကွယ်ရန် နည်းလမ်းများနှင့် သတိပြု ရမည့်အချက်များကို သရုပ်ပြရှင်းလင်းခဲ့ပြီး မြစ်ရေကြီးနေစဉ်အချိန် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေး၍ လက်တွေ့သရုပ်ပြခဲ့ကြသည်။ 

 

ဝင်းဗိုလ် (ပြန်/ဆက်)