ရေတာရှည် ၃၀ ဇွန်


        
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့အရှေ့တောင်ဘက် စစ်တောင်မြစ် တစ်ဖက်ကမ်းရှိ သရက်တောကျေးရွာအနီးတွင် စစ်တောင်းမြစ်ကမ်းပါးများ ပြိုကျလျက်ရှိရာ ဇေယျသိမ်နှင့် သရက်တောကျေးရွာချင်းဆက်လမ်း ပဲ့ကျသွားသည့်အပြင် ဘေးကပ်လျက်၌ စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းများ ပျက်စီးဆုံးရှုံးမည်ကို ဒေသခံတောင်သူများ စိုးရိမ်မှုများရှိနေကြောင်း သိရှိရသည်။

 

“အထက် ပိုင်းဒေသတွေမှာ မိုးရွာလိုဖြစ်မယ်ထင်တယ် မြစ်ရေကကြွလာလိုက် ပြန်ကျသွားလိုက်ဆိုတော့ ကမ်းပါးတွေ တိုက်စားမှုတွေ အရမ်းများလာတယ် မြစ်အနောက်ဘက်ကမ်းက ရေနီစက္ကူစက် ရေ စက်ရုံဗောယာ ဘက်ကိုရေထိုးပြီးတော့ ဒီဘက်ခြမ်းကရေဦးတိုက်လိုဖြစ်သွားတာ” ဟု ဇေယျသိမ်ကျေး ရွာအုပ်စု၊ သရက် တောကျေးရွာနေ ဒေသခံတောင်သူတစ်ဦးက ပြောကြားသည်။

 

ကမ်းပါးပြိုကျမှုများမှာ နေရောညပါဖြစ်ပေါ်နေ၍ မြစ်ကမ်းနှင့်ကပ်လျက်ရှိ ပြောင်းစိုက်ခင်းများနှင့် အလွန်နီးကပ်သည့် အခြေအနေနှင့်ပါတ်သက်ပြီး “ပြောင်းတွေက မကြာခင်ခုတ်ရတော့မှာ ကမ်းတစ်လျောက်က ပြောင်းခင်းတွေတော့ ပါတော့မယ်ထင်တယ် ဘယ်လိုမှလဲမတတ်နိုင်ဘူးလေ ကံတရားပဲ”ဟု အထက်ပါ တောင်သူကပင် ဆက်လက်ပြောသည်။ မိုးရာသီကာလရောက်တိုင်း ရေနီမြို့အရှေ့တောင်ဘက်ရှိ သရက်တောကျေးရွာ၊ သာဂရမြို့အရှေ့မြောက်ဘက်ရှိ ကက္ကူကျေးရွာ၊ ဆွာမြို့အရှေ့ရှိ ရွှေကဇောင်းကျေးရွာ၊ ရေတာရှည်မြို့ အရှေ့ဘက်တည့်တည့်ရှိ ကျွဲရိုင်းပြင်ကျေးရွာများမှာ ကမ်းပြိုမှုများ ကြုံတွေ့ရလေ့ရှိသည်။ 

 

ကိုလွင်(ဆွာ)