မြစ်ကြီးနား ၃၀ ဇွန်

 

ကချင်ပြည်နယ်အတွင်း ဇွန် ၂၆ ရက်မှ စတင်၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင်း ရေလျှံမှုအခြေအနေနှင့် မန်ဝိန်းကြီးကျေးရွာအုပ်စုအတွင်း မိုးရွာသွန်းမှုကြောင့် ရေလွှဲဆည်နှင့်ကြိုးတံတားပျက်စီးမှု အခြေအနေတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ လွှတ် တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက် သံလမ်းကူးနေရာ၌ လမ်းတိုးချဲ့ပြီးစီးသည့်အတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်သွားမည့်အခြေအနေနှင့် အောင်နန်းရပ်ကွက်၊ အောင်ချမ်းသာလမ်း ကတ္တရာ ခင်းနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့သည်။

 

mdn

 

ထိုမှတစ်ဆင့် ဆဒုံးမြို့သို့ ထွက်ခွာခဲ့ကာ ဆဒုံးမြို့ ၂၅ ကုတင်ဆံ့ဆေးရုံအတွင်း ဆေးဝါးကုသမှု ခံယူနေသော လူနာများအား ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေများပေးအပ်ပြီး ဆဒုံးချောင်းရေလျှံမှု ကြောင့် ရပ်ကွက်၂၊ ဈေးအတွင်း နုန်းမြေများတင်ကျန်နေမှုကို ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ယင်းနောက် လီဆူနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဘာသာ ရေးအသင်းအဖွဲ့များ၊ ရပ်ကွက် ၂ နှင့် ရပ်ကွက် ၅ မှ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံပြီး ပြည်နယ် ဝန်ကြီးချုပ်က ယနေ့ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဆဒုံးမြို့သဘာဝဘေးကြောင့် မြို့သူမြို့သားများ၏ လိုအပ်ချက်တွေအတွက် အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းပေးနိုင်ရေးနှင့် ဆဒုံးမြို့ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေး ပြည်သူများအား တိုက်ရိုက်အကျိုးပြုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်ထောင်စုနှင့်ပြည် နယ်ဘဏ္ဍာရန်ပုံငွေများမှ ခွဲဝေလျာထားပြီး ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များနှင့် ပြည်သူများ ပူးပေါင်းပါဝင်မှုရှိမှသာ အဘက်ဘက်မှ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးအားတီယောဟန်က အားပေးစကားပြော ကြားပြီး ဆဒုံးမြို့သူ၊ မြို့သားများက ဒေသအတွက်လိုအပ်ချက်များဖြစ်သည့် စိုက်ပျိုးရေး၊ ပညာရေး၊ အလုပ် အကိုင်အခွင့်အလမ်းရရှိရေး၊ အားကစားကွင်း၊ မူးယစ်ဆေးဝါးပြဿနာများနှင့် မြို့တွင်း လမ်းနှင့်တံတားများရရှိရေး၊ စနစ်တကျရှိသည့် ဈေးဖြစ်ပေါ်လာစေရေးတို့ကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၏ ပြန်လည်ဖြေရှင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်းမှာကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဆဒုံးမြို့ရှိ ဗုဒ္ဓဘာသာကျောင်းအတွက် ၁၅ သိန်းနှင့် ခရစ်ယာန် အသင်းတော်များအတွက် ၁၆ သိန်း စုစုပေါင်း ၃၁ သိန်း ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ရေဘေးသင့် မိသားစုများအတွက် ဆန်အိတ် ၁၂၀ အိတ်၊ ပညာရေးဌာနမှ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းသုံးကိရိယာများ၊ ကျောင်းဝတ်စုံနှင့် ကျောပိုးအိတ်များ၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ Hygiene Kit ၁၆၁ စုံနှင့် ဓာတ်ဆားထုတ်များကို အသီးသီး ထောက်ပံ့ပေးအပ်ကြသည်။

 

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ် ဆိုင်လော်ကျေးရွာအတွင်း ဆိုင်လော်နှင့် ဂျတ်မိုင်ယန်ကျေးရွာချင်းဆက် လန်နချောင်းကူးကြိုးတံတား ရေကြီးရေလျှံမှုကြောင့် မျောပါပျက်စီးမှုအခြေအနေနှင့် မန်ဝိန်းကျေးရွာအတွင်း ဆွတ်ဂျတ်ရေလွှဲဆည်တာဘောင်ကျိုးပေါက်မှုအခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများ အခက်အခဲမဖြစ်စေရေးအတွက် တံတားနှင့် ရေလွှဲဆည်တို့ကို အမြန်ဆုံးပြုပြင်တည်ဆောက်နိုင်ရန် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက် ပေးခဲ့သည်။ ထို့နောက် ဝိုင်းမော်မြို့နယ် ဝါရှောင်ရေလွှဲဆည် ကြံခိုင်မှုအခြေအနေနှင့် ရေလှောင်ကန် ဆည်ယူနိုင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ပြည်နယ်ပြန်/ဆက်