၁၃ ဒီဇင်ဘာ
အသက်ကိုးလမှ ၁၅ နှစ်အရွယ်အထိ တစ်နိုင်ငံလုံးရှိ ကလေး ၁၄ သန်းတို့ကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးပေးလျက်ရှိသည်။ ပြင်ပပေါက်ဈေး တစ်လုံးလျှင် ငွေကျပ်ငါးသောင်းမှ ခြောက်သောင်းခန့်အထိ တန်ကြေးရှိသော အဆိုပါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးသည့် အစီအစဉ်ကို ကျောင်းများကို အခြေပြု၍ နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ ဆောင်ရွက်လျက်ရှိရာ သုံးရက်တာကာလအတွင်း ကလေးသုံးသန်းကျော် ထိုးနှံပြီးခဲ့ကြောင်းနှင့် ဆေးထိုးပြီး ခြောက်နာရီခန့်အကြာတွင် ကလေးတစ်ဦး သေဆုံးခဲဲ့ခြင်းကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းများလည်း ဖတ်ရှုကြားသိကြရသည်။
ဂျပန်ဦးနှောက်ရောင် ရောဂါသည် ခြင်မှကူးစက်သည့် ရောဂါဖြစ်သည်။ ခြင်နှိမ်နင်းရေးနှင့် ခြင်ကိုက်မခံရစေရန် နေထိုင်ခြင်းနည်းအားဖြင့် ဂျပန်ဦးနှောက်ရောင် ရောဂါကိုသာမက ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါတို့အပါအဝင် ကြောက်စရာကူးစက် ရောဂါများကိုပါ ရှောင်ရှားနိုင်မည် ဖြစ်သည်။ ဂျပန်ဦးနှောက်ရောင်ရောဂါမှာ ထူးထူးခြားခြား ရောဂါလက္ခဏာ မပြ။ ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း၊ နုံးခွေခြင်း၊ အကြောတက် အကြောဆွဲခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ မေ့မြောခြင်း၊ သေဆုံးခြင်း လက္ခဏာများဖြစ်ရာ ရောဂါဖြစ်ဆဲကာလတွင် သာမန်ဖျားနာခြင်းဟု ထင်စရာပင်ဖြစ်သည်။ ရောဂါပြင်းထန်စွာ ခံစားရသည့် အခါတွင်မူ အသက်အန္တရာယ် အထိရှိနိုင်ပြီး မသေဘဲ ရှင်ကျန်ရစ်ခဲ့သည့်တိုင် နားလေးခြင်း၊ မကြာခဏတက်ခြင်း၊ စကားမပြောနိုင်ခြင်း၊ နာတာရှည် မသန်မစွမ်းဖြစ်ခြင်းနှင့် ဦးနှောက်ထိခိုက်ခြင်းကြောင့် အသိဉာဏ် ချို့ယွင်းသွားသည်အထိ ခံစားရနိုင်သည်။ မည်သို့ပင်ဆိုစေ ကာကွယ်ဆေး ထိုးနှံခြင်းဖြင့်လည်း ဂျပန်ဦးနှောက်ရောင် ရောဂါအန္တရာယ်မှ ရှောင်ရှားနိုင်မည်ဖြစ်ရာ မပျက်မကွက် ထိုးနှံကြရန်သာ တိုက်တွန်းလိုသည်။
သို့ရာတွင် ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး၏ ဘေးထွက်အကျိုးနှင့် ကာကွယ်ဆေး လုံးဝမထိုးရမည့်သူများ၊ ရက်အနည်းငယ် ဆိုင်းငံ့ပြီးမှ ကာကွယ်ဆေး ထိုးသင့်သူများရှိနေသည်ကို သတိမူကြရမည် ဖြစ်သည်။ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးရာတွင် မူးဝေခြင်း၊ ယားယံခြင်းတို့ကို ကလေးအချို့ ခံစားကြရတတ်ပြီး ဓာတ်မတည့်မှုများအတွက် လိုအပ်သည့် ကုသမှုများ ပြုလုပ်ပေးရန် ဆေးထိုးအဖွဲ့တွင် အပြည့်အစုံပါရှိခြင်းကြောင့် စိုးရိမ်စရာမရှိကြောင်း တာဝန်ရှိသူများက အသိပေးထားသည်။ ကာကွယ်ဆေး လုံးဝမထိုးရမည့်သူများမှာ ဆေးနှင့် လုံးဝဓာတ်မတည့်သူများ၊ ခုခံအား ကျဆင်းနေသူများ၊ အပြင်းအထန် ဖျားနာနေသူများ၊ တီဘီရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ နှလုံးရောဂါ တစ်မျိုးမျိုး ဖြစ်ပွားနေသူများ၊ အတက်ရောဂါဖြစ်ပွားနေ သူများဖြစ်သည်။ လတ်တလော ဖျားနာနေသူ၊ ကူးစက် ရောဂါတစ်မျိုးမျိုး ခံစားနေရသူတို့မှာမူ ဆိုင်းငံ့ပြီးမှ ထိုးနှံကြရမည်ဖြစ်သည်။
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ ကျောင်းများကို အခြေပြုထိုးနှံပေးနေပြီး လာမည့် ဒီဇင်ဘာလအတွင်း၌မူ ရပ်ကွက်ကို အခြေပြု၍ ထိုးပေးသွားမည်ဖြစ်ရာ ဆေးမထိုးသင့်သူများမှလွဲ၍ မိသားစုတိုင်း၊ ကလေးတိုင်း ဆေးထိုးခွင့် အခွင့်အရေးကို ရယူ၍ ကြောက်စရာ ဂျပန်ဦးနှောက်ရောင်ရောဂါ အန္တရာယ်မှ ရှောင်ရှားနိုင်ကြပါစေကြောင်း။ ။