မုံရွာ ၃၀ ဇွန်
    

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဆည်၊ တမံများအတွင်းသို့  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ငါးသားပေါက်ကောင်ရေ(၂၅)သိန်းကျော် စိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
    

“ငါးသယံဇာတတွေ မပြုန်းတီးစေဖို့အတွက်   ဆည်၊ မြောင်း နဲ့တမံတွေအထဲကို ကျွန်တော်တို့ငါးလုပ်ငန်း ဦးစီးဌာနအနေနဲ့ ငါးသားပေါက်တွေ နှစ်စဉ်မျိုးစိုက်ထည့်ပေးတာပါ။ အခုဘဏ္ဍာနှစ်မှာလည်း မြို့နယ် (၁၀)မြို့နယ် မှာရှိတဲ့ ဆည်တမံ(၂၀)ခုကို ငါးသားပေါက်မျိုးတွေ စိုက်ထည့်ပေးသွားမှာပါ” ဟု တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    

 

ဆည်တမံများအတွင်းသို့ ငါးသားပေါက်စိုက်ထည့်မည့် အစီအစဉ်အဖြစ် တန့်ဆည်မြို့နယ်အတွင်းရှိ မဟာသီရိကန်နှင့် ကာဘိုးဆည် အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၃)သိန်း၊ မုံရွာမြို့နယ် အတွင်းရှိ ထန်းဇလုပ်ဆည်၊ သာစည်ဆည်နှင့် ဗောဓိတထောင်ဆည်များအတွင်းသို့ငါးသားပေါက်ကောင်ရေ (၅)သိန်း၊ ဘုတလင်မြို့နယ်အတွင်းရှိ မြို့သစ်တမံအတွင်းသို့ ငါးသားပေါက်ကောင်ရေ(၁)သိန်း၊ ကန့်ဘလူမြို့ နယ်အတွင်းရှိ သိန်ရင်ဆည်၊ ကင်းတပ်ဆည်နှင့် လင်ပန်းဆည်များအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃.၅)သိန်း၊ ကျွန်လှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅)သိန်း၊ စစ်ကိုင်းမြို့ နယ်အတွင်းရှိ အုန်းတောဆည်၊ ကျောက်ဖုရားလေးတမံ၊ နှုံးတွင်း(၃)ဆည်၊ ထန်းဖူးတောဆည်နှင့် ဆားတောင်ဆည် များအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၂.၅)သိန်း၊ ဆားလင်းကြီးမြို့နယ် ဆားလင်းကြီးဆည် နှင့်ငွေသာဆည် အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၃)သိန်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ နမ့်တလုံးဆည်အတွင်းသို့ ငါးသားပေါက် ကောင်ရေ(၅၀ဝ၀ဝ)၊ အင်းတော်မြို့နယ်အတွင်းရှိ အင်းတော်လေးအင်းအတွင်းသို့ ငါးသားပေါက် ကောင်ရေ(၁.၅) သိန်း၊ ဗန်းမောက်မြို့နယ်အတွင်းရှိ နားယကာဆည်အတွင်းသို့ ငါးသားပေါက် ကောင်ရေ(၅၀ဝ၀ဝ)၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂၅.၅)သိန်းအားလည်းကောင်း ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အတွင်း မျိုးစိုက်ထည့် ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
                                                

 

ဝင်းဦး(ဇေယျာတိုင်း)