ကော့သောင်း ၃၀ ဇွန်
ကော့သောင်းခရိုင်လုံးဆိုင်ရာ ဓမ္မစကူးကော်မတီတစ်ရပ် ဖွဲ့စည်းခြင်းအခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ နိဗ္ဗာန်အေးပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ကျင်းပရာ အခမ်းအနားသို့ သြဝါဒစရိယဆရာတော်ကြီးများ၊ ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်မှ ဖွင့်လှစ်ပြီး ဓမ္မစကူးသင်တန်းကျောင်းများရှိရာ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်သံဃာတော်များ၊ မြို့နယ်သနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဓမ္မစကူး အကျိုးတော်ဆောင်လူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ခရိုင်ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားတွင် ဆရာတော်သံဃာတော်ကြီးများထံမှ တက်ရောက်လာသူ များက သြဝါဒကထာနာယူကြပြီး ကော့သောင်းခရိုင်လုံးဆိုင်ရာ ဓမ္မစကူးကော်မတီအား နာယကဆရာတော်(၅) ပါး၊ သြဝါဒစရိယဆရာတော် (၅) ပါး၊ ကော်မတီဥက္ကဌဆရာတော် တစ်ပါး၊ ဒုတိယဥက္ကဌဆရာတော်နှစ်ပါး၊ ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့မှ ဓမ္မစကူး အကျိုးတော်ဆောင် လူပုဂ္ဂိုလ် ဥက္ကဌ တစ်ဦးစီ၊ လူပုဂ္ဂိုလ်အတွင်းရေးမှူး နှင့် တွဲဘက်အတွင်းရေးမှူး တစ်ဦးစီနှင့် ကော်မတီအဖွဲ့ဝင်၊ ဆပ်ကော်မတီအဖွဲ့ဝင်များအား ရွေးချယ်ဖွဲ့စည်းကြခြင်း ဖြစ်သည်။
ဗုဒ္ဓဘာသာဝင် ကလေးငယ်များ ဗုဒ္ဓဓမ္မစာပေများ နှစ်စဉ်မပျက် ဆက်လက်တက်ရောက် သင်ကြားနိုင်ရေး၊ ငယ်ရွယ်စဉ် ကလေးဘဝမှစကာ မြန်မာ့ ယဉ်ကျေးမှုအစဉ်အလာကောင်းများ သိရှိနားလည်လာကြရေး၊ ယဉ်ကျေးသိမ်မွေ့စွာဖြင့် ဘာသာသာသနာအား တန်ဖိုးထား ထိန်းသိမ်းချစ်မြတ်နိုးတတ်လာကြရေး ရည်ရွယ်ချက်များဖြင့် နိုင်ငံနှင့်အဝှမ်း ဓမ္မစကူး သင်တန်းများ ဖွင့်လှစ်ပို့ချသင်ကြားပေးလျှက်ရှိရာ ဓမ္မစကူးသင်တန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် ယခုကဲ့သို့ ကော့သောင်းခရိုင်အတွင်းရှိ မြို့နယ်၊ မြို့နယ်ခွဲများ၌ ဖွင့်လှစ်ပြီး ဓမ္မစကူးသင်တန်းကျောင်းများ စုစည်းကာ ခရိုင်အဆင့် ကော်မတီတစ်ရပ်အား ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


