မြိတ်   ၃၀  ဇွန်   

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်များ၊ ဓာတ်တိုင်များ လဲပြိုပြီး မြေပြိုကျမှုကြောင့် နေအိမ်တစ်လုံး ယိုင်နဲ့ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း သိရသည်။

 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုလဲဒီပါရပ်ကွက် အေးရိပ်ချောင်လမ်းနှင့်စပါးရွှေဝါလမ်းထောင့်တွင် အမြင့်ပေ(၂၀)ခန့် ဓာတ်တိုင်(၄)တိုင်လဲပြိုခဲ့ပြီး ပန်စရာရပ်ကွက်နှင့် သန်းဖိုရပ်ကွက်ကြားရှိ အေးရိပ်သာလမ်း တွင် အမြင့်(၁၅)ပေအကျယ်(၃၀)ပေ မြေထိန်း နံရံပြိုကျမှုကြောင့် သက်တမ်း(၄၀)နှစ်ခန့် လုံးပတ်(၂)ပေခန့် အမြင့်ပေ(၃၀)ခန့် အုန်းပင်တစ်ပင်နှင့် အမြင့်ပေ(၂၀)ခန့် ဓာတ်တိုင်တစ်တိုင် လဲပြိုခဲ့ကြသည်။

 

ထို့အတူ မြိတ်တောင်ကျေးရွာ ကုန်းဖောက်ရပ် ငါးလေလံဈေးလမ်း ဦးအောင်သန်း ခြံဝင်းအတွင်းရှိ သက်တမ်း(၆၀)ခန့် လုံးပတ်(၅)ပေခန့်  အမြင့်(၃၀)ပေရှိ သရက်ပင်(၂)ပင်၊ သက်တမ်း(၂၀)ခန့် အမြင့်(၂၀)ပေရှိ ခရေပင်တစ်ပင်၊ ဦးခင်မောင်မြင့် ခြံဝင်းအတွင်းရှိ သက်တမ်း(၃၀)နှစ်ခန့် အမြင့်(၄၀)ပေခန့်ရှိ ခရေပင်တစ်ပင် တို့ လဲပြိုခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

သစ်ပင်လဲပြိုမှု သတင်းများအား ပြည်သူများမှ မီးသတ်ဦးစီးဌာနသို့ ဖုန်းသတင်းပေးသဖြင့် ရှာဖွေကယ် ဆယ်ရေးယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁)စီးတို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက ဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။ အေးရိပ်ချောင်လမ်းနှင့်စပါးရွှေဝါလမ်းထောင့် တွင် လဲပြိုခဲ့သော ဓာတ်တိုင်(၄)တိုင်အား တာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

 

အလားတူ မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ တောင်ငယ်တောင်မှ မြေ(၁၂)ပေခန့် မြေများပြို ကျမှု ကြောင့် တောင်ခြေရှိ ဦးခင်မြင့် နေအိမ် အလျား(၂၂)ပေ×အနံ(၁၉)ပေ ပျက်စီးခဲ့သည်။ မြေပြိုမှုကြောင့် ပျက်စီး ခဲ့သော နေအိမ်အား  မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဒေသခံများက ဝိုင်းဝန်းရှင်းလင်းဆောင်ရွက်ပေးခဲ့ကြသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျ ပျက်စီးမှုများ၌ ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။  

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )