ပွင့်ဖြူ ၃၀ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်အတွင်း တောင်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် လုပ်သား ရှားပါးမှုအခက်အခဲများ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် GAP နည်းစနစ်ဖြင့် ဓာတုလွတ် နှမ်းသီးနှံစိုက်ပျိုးမှုစနစ်များ ပိုမိုအားကောင်းလာစေရန်အတွက် ရည်ရွယ်ပြုလုပ်သည့် နှမ်းရိတ်ထုံးစက်ဖြင့် နှမ်းရိတ်သိမ်းခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာ တောင်သူ ဦးတင်ဆောင် ၏ ကွင်းအမှတ် ၈၉၃ ရှိ နွေနှမ်းစိုက်လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော် ဌေး က GAP နည်းစနစ်ဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ ဓာတုလွတ်နှမ်းစိုက်နည်းစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးဆောင်ရွက်မည်ဆိုပါက ပြည်သူလူထုအတွက် အစားအစာ ဘေးအန္တရာယ်ကင်းဝေးစေမည့်အပြင် ဈေးကွက် ကောင်းမွန်စွာ ရောင်းချနိုင်မည့် အခွင့်အရေးများလည်း ရရှိနိုင်မည်ဖြစ်ကြောင်း မိမိအနေဖြင့် ဓာတုလွတ်သီးနှံများကို တောင်သူများ အလေးထား စိုက်ပျိုးသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်အော်ဂဲနစ်စိုက်ပျိုးရေးနှင့် တောင်သူ့ရေးရာအစုအဖွဲ့မှ အတွင်းရေးမှူး ဦးဝင်းညွန့် က ဓာတုလွတ် နှမ်းစိုက်နည်းစနစ်များ တောင်သူများ လိုက်နာကျင့်သုံးစိုက်ပျိုးနိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် လုပ်ငန်း အစီအစဉ်များနှင့် တောင်သူများ လက်တွေ့လေ့လာသိရှိနိုင်ရေးအတွက် ဓာတုလွတ် သုတေသနနှမ်းစိုက်ခင်း စိုက်ပျိုး ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့် က သီးနှံများစိုက်ပျိုးရာ၌ တွေ့ကြုံရသည့် ပိုးမွှားရောဂါအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ ၊ သီးနှံအထွက်နှုန်း ကောင်းမွန်ရေး မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရန်အချက်များနှင့် အခြေခံ GAP နည်းစနစ် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မုန်တောကြီးကျေးရွာ တောင်သူ ဦးတင်ဆောင် ၏ နွေနှမ်းစိုက်ခင်း ဧက ၂၀ အတွင်း နှမ်းရိတ်ထုံးစက်ဖြင့် နှမ်းရိတ်သိမ်းခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ကျင်းပရာ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးနှင့် ဌာနဆိုင်ရာများ ၊ မြို့နယ်အော်ဂဲနစ်စိုက်ပျိုးရေးနှင့် တောင်သူ့ရေးရာအစုအဖွဲ့မှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့မှ ဒေသခံတောင်သူ ၇၀ ဦး တို့က နှမ်းရိတ်ထုံးစက်ဖြင့် နှမ်းရိတ်သိမ်းမှုနည်းစနစ်အား စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


