နေပြည်တော် ၃၀ ဇွန်
မြန်မာနိုင်ငံနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ အကြားလယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန် ရည်ရွယ်၍ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဒုတိယဥက္ကဌ Mr. Zhang Xiu Long နှင့်အဖွဲ့သည် ယမန်နေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ဒုတိယဝန်ကြီးဦးလှကျော် နှင့် တာဝန်ရှိသူများအား လာရောက် တွေ့ဆုံသည်။
နှစ်ဘက်ဆွေးနွေးရာတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ဒေသ၏ စားသုံးမှုလိုအပ်ချက်အရ ဈေးကွက်လိုအပ်ချက် ရှိနေမှု၊ နှစ်ဘက် ပညာရှင်များအကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာနှင့်သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ၊ ကွမ်ရှီးကျွမ့်ဒေသတွင်လက်ရှိ အောင်မြင်နေသည့် အစေ့ထုတ်ပြောင်းစိုက်ပျိုးမှုသည် မြန်မာနိုင်ငံ၌ ဖြစ်ထွန်းနိုင်မှု၊ ဓါတုပိုးသတ်ဆေးများ လျော့ချပြီး သဘာဝနည်းဖြင့် အဖျက်ပိုးကာကွယ်နှိမ်နင်းမှု နည်းပညာဖလှယ်ရေး ၊ မြန်မာ့စိန်တစ်လုံးသရက်၏ အရည်အသွေးသည် ကွမ်ရှီးကျွမ့်ဒေသ၌ ဈေးကွက် ဝင်ဈေးကောင်းရရှိနိုင်မှု၊ ကြံဝယ်ယူနိုင်ရေးအတွက် နှစ်ဘက်တာဝန်ရှိသူများနှင့် လုပ်ငန်း ရှင်များအကြား ညှိနှိုင်းဆွေးနွေးရန် လိုအပ်ချက်၊ တရုတ်နိုင်ငံတွင် အောင်မြင်လျက်ရှိသည့် ဝက်မွေးမြူရေး နည်းစနစ်သစ် အသုံးပြုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


