ရန်ကုန် ၃၀ ဇွန်
မြန်မာ့အာမခံလောက ဖွံ့ဖြိုးတိုးတက် အောင်မြင်ရေးအတွက် အာမခံလုပ်ငန်းကြီးကြပ်ရေး အဖွဲ့နှင့် အာမခံဝန်ဆောင်မှု လုပ်ကိုင်နေသော အဖွဲ့များတွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ်းနားလမ်း မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဇော်နိုင်နှင့် ငွေရေး ကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအာမခံအသင်း ဥက္ကဋ္ဌ ဒေါက်တာ စန္ဒာဦး နှင့် ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လက်ရှိအာမခံစီးပွား ရေးသည် ဒေသအတွင်းတွင် အဆင့်နည်းပါးလျက်ရှိသေးကြောင်း၊ အသက်အာမခံအပါအဝင် အထွေထွေအာမ ခံ အမျိုးအစားများကို ပြည်သူများစိတ်ဝင်စားမှု နည်းပါးဆဲဖြစ်၍ အာမခံအသိပညာပေးရန် အထူးလိုအပ်ပါ ကြောင်း၊ အာမခံနယ်ပယ်တွင် လုပ်ကိုင်သောဝန်ထမ်းများ၊ အာမခံကိုယ်စားလှယ်များကိုလည်း နိုင်ငံတကာ အဆင့် အသိအမှတ်ပြု အာမခံပညာအဆင့်ရောက်အောင် သင်တန်းကျောင်းများ စနစ်တကျဖွင့်လှစ် သင်ကြား ပေးရန်လိုအပ်ကြောင်း၊ မကြာမီ ဝင်ရောက်လာမည့် နိုင်ငံခြားအာမခံကုမ္ပဏီများကိုလည်း စိစစ်ခွင့်ပြုပြီး လုပ်ငန်းလိုင်စင်များချပေးတော့မည်ဖြစ်၍ ကောင်းသည့်နည်းပညာများအတုယူခြင်းဖြင့် မြန်မာ့အာမခံ လောက ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ကြောင်း၊ အာမခံအသင်းကြီး၏ လက်ရှိလုပ်ဆောင်နိုင်စွမ်းကို အသိ အမှတ်ပြု အားပေးပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့အာမခံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် အသီးသီးတင်ပြဆွေးနွေးကြရာ အာမခံလုပ်ငန်းကြီးကြပ်ရေးအ ဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)၊ဓာတ်ပုံ- မင်းထက်


