မိုင်းလား  ၃၀  ဇွန် 

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ရေးထိုးခြင်း မပြုရသေးသည့် KIO (ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့)၊ MNTJP (မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ)၊ PSLF (ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး)နှင့် ULA (ရခိုင်အမျိုးသားအဖွဲ့ချုပ်) တို့သည် ယနေ့နံနက် ၁၀ နာရီခွဲက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားရှိ Orient Hotel တွင် တွေ့ဆုံခဲ့ကြကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေးဦးလှမောင်ရွှေ ထံမှ သိရသည်။ 

 

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KIO၊ MNTJP၊ PSLF၊  ULA တို့သည် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အစိုးရ၏အပစ်အခတ်ရပ်စဲရေး Bilateral မူကြမ်းနှင့် ပတ်သက်သည့် အဆိုပြုချက်များကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း လေးဖွဲ့ထံပေးအပ်ခဲ့ပြီး ဇူလိုင်လဒုတိယပတ် (သို့မဟုတ်) တတိယပတ်တွင် ပြန်လည် တွေ့ဆုံရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

 

အစိုးရနှင့် KIO+၃ တွေ့ဆုံမှုနှင့်ပတ်သက်၍ ဦးလှမောင်ရွှေက “တက်ရောက်နိုင်ဖို့ ညှိနှိုင်းပေးတာက မိုင်းလားအထူးဒေသ(၄) ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ ပါပါတယ်။ အခက်အခဲကြားက တွေ့ဆုံနိုင်တဲ့ ဒီနေ့တွေ့ဆုံမှုမှာတော့ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့က ဒုတိယမူကြမ်းလို့ ပြောလို့ရတဲ့ အစိုးရရဲ့ အပစ်အခတ် ရပ်စဲရေး Bilateral မူကြမ်းနဲ့ပတ်သက်တဲ့ အဆိုပြုချက်တွေ ပေးအပ်ခဲ့တာရှိပါတယ်။ သက်ဆိုင်ရာ လေးဖွဲ့ကလည်း သူတို့ပြောကြားလိုတဲ့ ကိစ္စတွေကို ပြောကြားခဲ့တာ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ နောက်နှစ်ပတ် (သို့မဟုတ်) သုံးပတ်အတွင်းမှာ တွေ့ဆုံဆွေးနွေးဖို့ အဆိုပြုခဲ့တာရှိပါတယ်။ ကျွန်တော်တို့ မျှော်လင့်တာကတော့ ကျွန်တော်တို့ Bilateral အဆိုပြုချက် တွေကိုသက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ ပြန်ပြီးတော့ သုံးသပ်ပြီးရင် ကျွန်တော်တို့နဲ့ ပြန်လည်တွေ့ဆုံပြီးတော့ Bilateral ကိစ္စတွေကို ညှိနှိုင်းဆွေးနွေးနိုင်မယ်လို့ထင်ပါတယ်။ လေ့လာသူတွေအဖြစ် SSPP နဲ့ NDAA (မိုင်းလား) က တွဲဖက် အတွင်းရေးမှူး တွေတက်ရောက်ပါတယ်” ဟုပြောသည်။ 

 

ယနေ့ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ကိုယ်စားလှယ်များအဖြစ်  ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)နှင့် ငြိမ်းချမ်းရေးကော်မရှင် အကြံပေးများဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးမိုးဇော်ဦးနှင့် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးသက်နိုင်တို့ တက်ရောက်ကြပြီး KIO(ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့) ၊ MNTJP (မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှ တသောအမျိုးသားပါတီ)၊ ULA (ရခိုင်အမျိုးသားအဖွဲ့ချုပ်)  နှင့် PSLF (ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး) တို့မှ တာဝန်ရှိသူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး လေ့လာသူများအဖြစ် SSPP (ရှမ်းပြည်တိုးတက် ရေးပါတီ) နှင့် PSC (ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ-မိုင်းလား) တို့မှ တွဲဖက် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။ 

 

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အဆိုပါတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း လေးဖွဲ့တို့သည်  ပြီးခဲ့သည့် ဧပြီ ၃၀ ရက်ကလည်း မူဆယ်မြို့ရှိ မူဆယ်-နမ့်ခမ်း နယ်စပ် ကုန်သွယ်ရေးကုန်သည်များအသင်းတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (Bilateral Ceasefire Agreement)တွင်ပါဝင်သည့် NCA စာချုပ် လက်မှတ်ရေးထိုးရန် ကတိကဝတ်၊ တပ်ပိုင်းဆိုင်ရာနေရာချထားရေးကိစ္စရပ်များ၊ တိုက်ပွဲများ မဖြစ်ပွားစေရန် ဆောင်ရွက်မည့်နည်းလမ်းများ အပါအဝင် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အဆိုပြုမူကြမ်းတွင် တိတိကျကျ ထည့်သွင်းရန် လိုအပ်သည့် အချက်များစသည့် ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်ကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖြစ်သည်။

 

ယနေ့ဆုံတွေ့သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့်  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံမှုအပြီးတွင် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်ကို  တွေ့ရှိရ၍ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်  ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်း အားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်မှုအပြည့်ဖြင့် ယခုထက် ပိုမိုဆက် လက်ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် (၅)ခု ၏ နယ်မြေများ၌ စစ် ရေးဆိုင်ရာ လှုပ်ရှားမှုများအား ၂၀၁၉ ခုနှစ်၊ သြဂုတ် ၃၁ ရက်အထိ နှစ်လတာ ထပ်မံတိုးမြှင့်ရပ်ဆိုင်း ပေးသွားမည်ဖြစ်ကြောင်း ယနေ့ရက်စွဲဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန် ကြေညာထားသည်။

 

တပ်မတော်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များအား ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊  အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊  တြိဂံဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို ဇွန်(၃၀) ရက် အထိရပ်ဆိုင်းပေးထားရာမှ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား နှစ်လထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးခဲ့ခြင်း ဖြစ်သည်။ 

 

ထို့ပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတွင် ကျင်းပသည့်ငြိမ်းချမ်းရေး နှစ် (၃၀) အထိမ်းအမှတ်ပွဲတော်သို့သဝဏ်လွှာ ပေးပို့ခဲ့ပြီးအဆိုပါ သဝဏ်လွှာတွင် အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအတွက် အပြည့်အဝ အာမခံသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ရန် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ လိုအပ်ကြောင်း၊ အထူး ဒေသ ၄၊ မိုင်းလားအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုး၍ နိုင်ငံရေး စကားဝိုင်းများတွင် ပါဝင်ရန် ဖိတ်ခေါ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။


 
သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..HMS

 

ge 3.j