မန္တလေး  ၁    ဇူလိုင် 


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာရှိ သီတဂူစက္ခုဒါနဆေးရုံ၌ အပတ်စဉ်  ကြာသပတေးနေ့နှင့် တနင်္ဂနွေနေ့များတွင် နံနက် ၈ နာရီခွဲမှ စ၍ ညနေ ၄ နာရီအထိ မျက်စိ၊ သွားနှင့် အထွေထွေရောဂါများအား အခမဲ့စမ်းသပ်ကုသပေးလျက်ရှိပြီး သွားနှင့်ပတ်သက်သည့် ရောဂါများကို တနင်္ဂနွေနေ့၌ နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီအထိ ကုသပေးလျက်ရှိကြောင်း သိရသည်။

 

1

 


ခွဲစိတ်ကုသရန် လိုအပ်ပါသော မျက်စိဝေဒနာရှင်များအား သုံးလလျှင် တစ်ကြိမ် မန္တလေး မျက်စိ၊ နား၊ နှာခေါင်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ရီရီအောင်နှင့် မျက်စိအထူးကု ဆရာဝန်ကြီးများမှ အခမဲ့ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးပြီး အထွေထွေရောဂါ အခမဲ့ကုသပေးမှုများအပြင် သွေးချို ၊ ဆီးချို စစ်ဆေးမှုများ၊ HIV ရောဂါ စစ်ဆေးမှုများနှင့် Minor Case အဆီကျိတ် ခွဲစိတ်မှုများလည်း အခမဲ့ကုသပေးလျက်ရှိကြောင်းနှင့် သွားနှင့်ပတ်သက်သည့် ရောဂါကုသမှုများအပြင် သွားညှိခြင်းများလည်း ပြုလုပ်ပေးကြောင်း အုန်းချောသီတဂူဆေးရုံ၏ ဦးဆောင် ဆရာတော် ဒေါက်တာသုန္ဒရ၏ မိန့်ကြားချက်များအရ သိရသည်။


အုန်းချောသီတဂူစက္ခုဒါနဆေးရုံကို သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿရ၏ လမ်းညွှန်မှုနှင့်အညီ ၂၀၁၅ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ်၍ မျက်စိကုသမှုများကို အခမဲ့ ပြုလုပ်ပေးလျက်ရှိပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ အထွေထွေရောဂါများ အခမဲ့ကုသပေးခဲ့ပြီး သွားနှင့်ပတ်သက်သည့်ရောဂါများနှင့် သွားညှိခြင်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ စတင်၍ ကုသပေးလျက်ရှိသည်။


အဆိုပါဆေးရုံသို့ ဒါနပြုလှူဒါန်းလိုပါက အုန်းချော သီတဂူစက္ခုဒါနဆေးရုံ၏ ဦးဆောင်ဆရာတော် ဒေါက်တာသုန္ဒရ (Phd) ဖုန်း ဝ၉၇၇၇၇၅၂၉၄၅ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။


တင်ဇာလှိုင် (ပြန်/ဆက်)