ဒီးမော့ဆို ၁ ဇူလိုင်
၂၀၁၉ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများ၏ ဂုဏ်ရည်များကို ဖော်ညွှန်းထားသော ကဗျာများ ရွတ်ဆိုပြိုင်ပွဲကို ယနေ့ ၉ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းသားကျောင်းသူများအား ပြိုင်ပွဲနှင့် ပတ်သက်သော အမှတ်ပေးစနစ်များကို မြို့နယ်ပညာရေးမှူးရုံး လက်ထောက်မြို့နယ်ပညာရေးမှူး ဦးခင်မောင်လတ် က ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများက မြန်မာအမျိုးသမီးများ၏ ဂုဏ်ရည်များကို ဖော်ညွှန်းထားသော ကဗျာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ကျောင်းသားကျောင်းသူများ ယှဉ်ပြိုင်နေမှုများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ရွှေစင်ဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးကြီးဒဲရယ်၊ ဒီးမော့ဆို Women Club ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒီးမော့ဆို Care Myanmar မှ စီမံချက်အရာရှိ ဒေါ်လူဆီးယာ၊ ကျောင်းဆရာ/မများ၊ ကျောင်းသားမိဘများ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ဒီးမော့ဆို Women Club နှင့် ဒီးမော့ဆို Care Myanmar တို့ ပူးပေါင်း၍ ထူးချွန်အမျိုးသမီးများအား ကြိုဆိုဂုဏ်ပြုရန်၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်များကို ဖော်ညွှန်းနိုင်ရန်နှင့် ကျောင်းသားကျောင်းသူများ၏ လူမူအသိုက်အဝန်းတွင် အမျိုးသမီးခွဲခြားမှု လျော့နည်းလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် မူလတန်းဆင့် ကျောင်းသားကျောင်းသူ (၁၀) ဦး၊ အလယ်တန်းဆင့် ကျောင်းသားကျောင်းသူ (၁၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကာ ဆုရရှိသူများကို ဇူလိုင် ၃ ရက်တွင် ဆုများ ပေးအပ်ချီးမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


