ပွင့်ဖြူ ၁ ဇူလိုင်
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ အုပ်ချုပ်ရေးမှူး ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက ကျေးလက်နေ ပြည်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ မိသားစုဝင်ငွေတိုး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးလျက်ရှိပါကြောင်း ယခုဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းတွင် ပို့ချသင်ကြားပေးမည့် အခြေခံစက်ချုပ်နည်းပညာရပ်များကို သင်တန်းသားများအနေဖြင့် ဂရုတစ်စိုက် လေ့လာသင်ယူသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က အမျိုးသမီးများအတွက် အိမ်တွင်းမှု ဝင်ငွေတိုးလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ၊ သင်တန်းမှ ပို့ချသင်ကြားပေးမည့် အခြေခံစက်ချုပ်နည်းပညာများကို သင်တန်းပြီးဆုံးပါက မိမိရပ်ရွာတွင် အကျိုးရှိရှိ လက်တွေ့အသုံးချ ဆောင်ရွက် သွားကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသူတစ်ဦးက သင်တန်းသားများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တာဝန်ရှိသူများက သင်တန်းအတွက် အသုံးပြုမည့် အထောက်အကူပြု ပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်ချုပ်သင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ နှင့် ဌာနဆိုင်ရာများ ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများ ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား ၃၀ ဦး တို့ တက်ရောက်ခဲ့ကြပြီး ၊ သင်တန်းအား ဇူလိုင် ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ အမျိုးသားဝတ် တီရှပ် လက်တိုလက်ရှည် ချုပ်နည်းများ၊ အမျိုးသမီးဝတ် ရင်ဖုံးအင်္ကျီ ၊ ရင်စိအင်္ကျီ အမျိုးမျိုးချုပ်နည်းများနှင့် ဘောင်းဘီတို၊ ဘောင်းဘီရှည် ချုပ်နည်းများကို တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


