၁၃ ဒီဇင်ဘာ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

Entrepreneur ဆိုသည့် အင်္ဂလိပ်ဝေါဟာရကို စွန့်ဦးတီထွင်သူ၊ စွန့်ထွင်ဦးစီးသူ စသည်ဖြင့် မြန်မာပြန်ဆိုကြသည်။ အနက် အဓိပ္ပာယ်ကတော့ စီးပွားရေးလုပ်ငန်းများကို စွန့်စားတီထွင် ဦးစီးဆောင်ရွက်ကြသူများ ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် entrepreneur တို့သည် အရေးပါကြောင်း၊ နိုင်ငံတစ်ခု စီးပွားရေးဖွံ့ဖြိုးတိုးတက် သည်ဟု ဆိုရာတွင် တဖြည်းဖြည်း တညီတညာ တိုးတက်ခြင်းသဘော မဟုတ်ဘဲ ခုန်ကူးပြောင်းလဲတတ်သည့် ဒိုင်းနမစ်သဘောရှိကြောင်း၊ ယင်းကဲ့ သို့သော အပြောင်းအလဲမျိုးကို ဦးဆောင်ဖန်တီးသူများမှာ enter- preneur တို့ပင်ဖြစ်ကြောင်း သြစတြီးယားစီးပွားရေးပညာရှင် တစ်ဦး ဖြစ်သည့် ရွှန်းပီတာ (Joseph A. Schumpeter) က ဆိုခဲ့သည်။

 

၄င်းပညာရှင်၏ အဆိုအမိန့်အရ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ခေတ်နောက်ကျနေသည့်အခြေအနေမှ ရုန်းမထွက်နိုင်သည့် သံသရာ စက်ဝန်းသည် သာမန်အတိုင်းဆိုပါက ကရွတ်ကင်းလျှောက်သဖွယ် လှည့်ပတ်နေတတ်ပြီး စွန့်ဦးတီထွင်သူတို့က အတွေးအခေါ်သစ်၊ လုပ်နည်း ကိုင်နည်းအသစ်များဖြင့် စီးပွားရေးဝန်းကျင်သစ်ကို ဖန်တီးကာ တည်ဆဲ အနေအထားကို ဖောက်ထွက်ခြင်းအားဖြင့် စီးပွားရေးတိုးတက်မှုကို ရရှိစေ နိုင်သည်ဟု ဆိုသည်။ စွန့်ဦးတီထွင်သူများ၏ တီထွင်မှုများမှာ အကျိုးအမြတ် ကို ဖြစ်ထွန်းစေသည့် တီထွင်မှု (profitable innovations)များ ဖြစ်ပြီး စွန့်ဦးတီထွင်သူများ အားကောင်းခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အမှန်တကယ်လိုအပ်သော ကနဦးအခြေအနေ တစ်ရပ်ဖြစ်သည်ဟုလည်း ဆိုသည်။

 

စင်စစ်အားဖြင့်ဆိုရပါမူ စွန့်စားခြင်း၊ တီထွင်ခြင်းတို့သည် လူငယ်တို့၏ စရိုက်လက္ခဏာများတွင် ပါဝင်သည်။ ဒီဇင်ဘာ ရက်ကကျင်းပခဲ့သည့် မြန်မာစွန့်ဦးတီထွင်လုပ်ငန်းရှင်များ ထိပ်သီးညီလာခံ (၂ဝ၁၇) တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်များသည် အနာဂတ်နိုင်ငံတော်၏ အရင်းအမြစ်များဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့ လူမျိုး နောင်တစ်ခေတ်တွင် ကမ္ဘာ့အလယ်၌ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေ သွားနိုင်ရန်အတွက် လူငယ်များအပေါ် များစွာမူတည်နေကြောင်း၊ အလား တူ မိမိတို့နိုင်ငံ သိက္ခာရှိရှိ၊ တောင့်တင်းခိုင်မာစွာ ရပ်တည်နိုင်ရန်အတွက် စီးပွားရေးတိုးတက်မှုက အရေးကြီးလှကြောင်း၊ လူငယ်အင်အားနှင့် စီးပွားရေးအင်အားပေါင်းပြီး မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မိမိတို့နိုင်ငံတွင် စွန့်ဦးတီထွင် ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ် လာစေရန်အတွက် အစိုးရပိုင်း အနေဖြင့်လည်း ပြည်ထောင်စုအဆင့်သာမက တိုင်းဒေသကြီးအစိုးရများ ကပါ ကိုယ့်တိုင်းဒေသမှာရှိကြသည့် စွန့်ဦးတီထွင်လုပ်ငန်းများကို အားပေး ကူညီပံ့ပိုးကြရန်လည်း တိုက်တွန်းခဲ့သည်။

 

စွန့်ဦးတီထွင်သူများ ပေါ်ပေါက်လာစေရန်အတွက် ဝန်းကျင်အခြေ အနေ လိုအပ်ချက်များမှာ လူတို့၏ စိတ်ပိုင်းဆိုင်ရာများ လွတ်လပ်မှုရှိလာ ခြင်း၊ လက်တွေ့ကျသော စိတ်ဓာတ် များ လွှမ်းမိုးခြင်း၊ လူ့အဖွဲ့အစည်းအတွင်း ပြောင်းလဲမှုနှင့် တိုးတက်မှုများ ဖြစ်ပေါ်နေသည်ဟူသော အသိစိတ်တို့ လူတိုင်းတွင် ပျံ့နှံ့စိမ့်ဝင်နေခြင်း၊ တရားဥပဒေစိုးမိုးမှု အားကောင်းခြင်း၊ ပြည်သူတစ်ဦးချင်း၏ အခွင့်အရေးနှင့် ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်ခွင့်ကို အခိုင် အမာ အာမခံချက်ပေးထားခြင်း၊ စီးပွားရေးလုပ်ငန်းများတွင် အစိုးရ၏ စွက်ဖက်မှု နည်းနိုင်သမျှ အနည်းဆုံး ထားရှိခြင်းတို့ဖြစ်သည်ဟု သုတေသီ များက တညီတညွတ်တည်း သတ်မှတ်ထားရာ စွန့်ဦးတီထွင်သူ လူငယ်များ အားကောင်းမောင်းသန်ပေါ်ထွန်းလာရေးအတွက် ရေခံမြေခံ ပတ်ဝန်းကျင် ကောင်းကို ဖန်တီးဖော်ဆောင် ပေးနိုင်ပါစေကြောင်း။