မန္တလေး ၁ ဇူလိုင်
မန္တလေးမြို့ ခြောက်မြို့နယ် အတွင်းရှိ ပလက်ဖောင်းနှင့်မြောင်းပေါ် ကျူးကျော်ဈေးရောင်းမှုများကို ယခု ဇွန်လနောက်ဆုံးအပတ်မှ စတင်ကာ ဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံက သိရသည်။
အရေးယူရာတွင် လမ်းပလက်ဖောင်းပေါ်ရှိ ဆေးဆိုင်ခန်းများတိုးချဲ့ ဆောက်လုပ်ထားသည့် သူများ ၊ လမ်းဘေးတွင် မီးစက်များချထားသူများ ၊ ပန်းအိုးများ ချထားသူများ ၊ စသည့် အရာဝတ္ထုပစ္စည်းများ ချထားမှုများကို အရေးယူသွားမည်ဖြစ်သည်။
"ကျူးကျော်ထားတာကိုတွေ့ရင် ပထမတစ်ရက်မှာ တွေ့ရှိတဲ့နေရာမှာ အကြောင်းကြားစာအနေပို့မယ် ။ ပြီးမှ ဖယ်ရှားတာတွေ သိမ်းယူတာတွေလုပ်မယ်။ လမ်းဘေး ပလက်ဖောင်းနဲ့ မြောင်းတွေပေါ်မှာ ကျူးကျော်ရောင်းချနေတဲ့ ဈေးဆိုင်တွေ၊ အခြားပရိဘောဂရောင်းတဲ့ ဆိုင်တွေရှိရင် လာပြီးတိုင်ကြားလို့ရပါတယ် " မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင် က ပြောသည်။
ဖယ်ရှားရှင်းလင်းမှုများလုပ်ဆောင်ရာတွင် အခွန်ဌာန ၊ လမ်းတံတားဌာန ၊ မြို့နယ်စီမံဌာန ၊ အဆောက်အအုံဌာန ၊ စည်ပင်ရဲတပ်ဖွဲ့နှင့် အခွန်ကျူးရှင်းလင်းရေးအဖွဲ့များဖြင့် စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် မြောင်းနှင့် ပလက်ဖောင်းပေါ် ကျူး၍စိုက်ထားသည့် ပန်းပင် ပန်းအိုးများ အမျာအပြားရှိပြီး လမ်းလျှောက်သူများအတွက် အနှောက်အယှက်ဖြစ်သည့်အပြင် ကားရပ်နားရန် နေရာလည်း အခက်အခဲ ဖြစ်ကြောင်း သိရသည်။
သူရိန်လင်း
ဓါတ်ပုံ - မြို့တော်ဝန် ဒေါက်တာရဲလွင်၏facebook


