မကွေး ၁ ဇူလိုင်

၂၀၁၉ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးအမျိုးသမီးကော်မတီမှ ဦးဆောင်ကာ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၇ နာရီခွဲက မကွေးမြို့ အမှတ်(၄) အထကကျောင်းဝန်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

 

5606

 

သစ်ပင်စိုက်ပျိုးပွဲတွင် မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊တိုင်းဒေသကြီးအမျိုးသမီးကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တိုင်းဒေသကြီးသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးတို့က သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာသူများအား ပျိုးပင်များပေးအပ်ခဲ့ပြီး ကျွန်း၊ပိတောက်၊တမာ၊မယ်ဇယ်၊ယင်းမာ၊ သရက် စသည့် ပျိုးပင်ပေါင်း (၂၂၀)အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

0741

 

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှား မှုများအဖြစ် လူမှုဝန်ထမ်းဦးစီးဌာန၊ ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်း၊ မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ကမ်းလင့်ရောင်ခြည်၊SCVG တို့ ပူးပေါင်း၍ ဇွန်လ ၂၉ ရက်နေ့တွင် မကွေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့်ရပ်ကွက်များအတွင်း မော်တော်ယာဉ် ဖြင့် လှည့်လည်ကာ ပြဇာတ်များ၊ တေးသရုပ်ဖော်များဖြင့် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပြီး ဇူလိုင်လ(၃)ရက်နေ့တွင် မကွေးမြို့တော်ခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ကာ အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးအတွင်း ထူးချွန် အမျိုးသမီးများအား ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး နှင့်အတူ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊အမျိုးသမီးကော်မတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊အမှတ်(၄)အထကမှ ဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများ စုစုပါင်း(၂၈၀)ခန့် တက်ရောက်ခဲ့ကြသည်။

သန်းနိုင်ဦး(ငဖဲ)