မိတ္ထီလာ  ၁    ဇူလိုင်  


မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းသည် မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်အတွင်း တည်ရှိသော အမြင့်ပေ ၆၈၀ဝ ရှိ ဆင်တောင်ပေါ်သို့ ဇွန် ၃၀ နံနက် ၁၁ နာရီက အဖွဲ့ဝင် ၈၀ ဖြင့် အောင်မြင်စွာ တက်ရောက်ခဲ့ကြောင်း သိရသည်။ 


မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်း အနေနဲ့ ၂၀၁၉ တောင်တက်ရာသီကို အမြင့်ပေ ၆၈၀ဝ ရှိတဲ့ ဆင်တောင်ခရီးစဉ်နဲ့ စတင်ခဲ့တာပါ။ အသက်အရွယ်အကြီးဆုံး ၇၁ နှစ်ကနေ အငယ်ဆုံး ၁၅ နှစ်အထိ ပါဝင်တဲ့ တောင်တက်အဖွဲ့ဝင် ၈၀ ဦး စလုံး မြင်းဒိုက်ကျေးရွာကနေ နံနက် ၅ နာရီကစတင် ထွက်ခွာခဲ့ပြီး ဆင်တောင်ထိပ်ပေါ်ကို နံနက် ၁၁ နာရီမှာ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။ မြင်းဒိုက်ကျေးရွာအခြေပြု ဆင်တောင်တက်ခရီးစဉ်မှာ တောင်တက်အဖွဲ့ဝင်များ အဖွဲ့အစည်းလိုက် လုပ်ဆောင်မှုတိုးတက်စေဖို့ နဲ့ စည်းကမ်းလိုက်နာမှုအားကောင်းစေဖို့အတွက် အခြေခံစစ်ရေးပြ လေ့ကျင့်ခန်းများကို မိတ္ထီလာခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနေဦးနဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လေ့ကျင့် သင်ကြားပို့ချပေးခဲ့ပါတယ်ဟု  မိတ္ထီလာခြေလျင်နှင့်တောင်တက်အသင်း မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါက်တာမြတ်မင်းက ပြောသည်။ 


ဆင်တောင်ခရီးစဉ်တွင် ဒေသခံ မြင်းဒိုက်ကျေးရွာဖွံ့ဖြိုးရေးအတွက် အများစုပေါင်းလှူဒါန်းငွေ နှစ်သိန်းကျပ်နှင့် မိတ္ထီလာမြို့ မေတ္တာရေကြည်အခမဲ့ဆေးခန်း ငွေပဒေသာပင်အတွက် တစ်သိန်းကျပ်တို့ကို တာဝန်ရှိသူများထံ မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းဝင်များက ပေးအပ်လှူဒါန်းခဲ့သည်။


ဆင်တောင်ခရီးစဉ်တွင် ပါဝင်သည့်  မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းဝင်များအနက် မဒွယ်ရေခဲတောင်နှင့် ဖုန်ကန်ရာဇီ ရေခဲတောင် ခရီးစဉ်များကို လိုက်ပါမည့် အဖွဲ့ဝင် ၂၀ မှာ လေ့ကျင့်မှု ပိုမိုရရှိစေရန် ရည်ရွယ်၍ ဇူလိုင် ၁ ရက်နေ့တွင် မြင်းမထိတောင်ခရီးစဉ်ကို ဆက်လက်တက်ရောက်ခဲ့ကြောင်း သိရသည်။  


ချမ်းသာ (မိတ္ထီလာ)