ရန်ကုန်    ၁ ဇူလိုင်     


ရန်ကုန်တိုင်းဒေသကြီး၏ မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး ရန်ကုန်မြစ်ကူး(ဒလ)တံတားစီမံကိန်းကြီးကို ယခုနှစ်ဇွန်လ ၂၈ ရက် (သောကြာနေ့) နံနက်ပိုင်းမှစတင်ကာ (ဒလ)ဘက်ကမ်း၌ ကမ်းကပ်ခုံ A.1 ဘိုးပိုင်တူးဖေါ်ခြင်း လုပ်ငန်းစတင် ဆောင်ရွက်နေပြီးဖြစ်ကြောင်းနှင့် အဆိုပါတံတားကြီးအား ၂၀၂၂ ခုနှစ်ကုန် ဒီဇင်ဘာလအပြီးတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန မှ သိရသည်။ 


ထိုတံတားမှာ ရန်ကုန်မြစ်ကို ဖြတ်သန်းဆောက်လုပ်မည့် တံတားဖြစ်ခြင်းကြောင့် ဒလမြို့နယ်ဘက် ဗိုလ်မင်းရောင်လမ်းနှင့် လမ်းမတော်မြို့နယ်ဘက် ဘုန်းကြီးလမ်းတို့ ဆက်သွယ်တည်ဆောက်မည်ဖြစ်ပြီး ဘိုးပိုင်တူးခြင်းလုပ်ငန်းအား ဒလ ဘက်ကမ်းမှနေ၍ ကမ်းကပ်ခုံ တိုင်အမှတ် A.1 ဘိုးပိုင်စတင်တူးခြင်းဖြစ်သည်။   Pile တိုင် ၁၄ ခု တည်ဆောက်ခြင်းနှင့် လေးလမ်းသွားချဉ်းကပ်လမ်း တည်ဆောက်ခြင်းကို တစ်စပ်တည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။


ဒလ ဘက်အခြမ်း ကမ်းကပ်ခုံတိုင်အမှတ် A.1 ဘိုးပိုင်တူးခြင်းလုပ်ငန်းစတင်သည့်နေ့တွင် တည်ဆောက်ရေးလုပ်ငန်းသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီးနှင့်လွှတ်တော်ကိုယ်စာလှယ်များ တံတားဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။


မြန်မာပြည်တွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) အင်ဂျင်နီယာ ဦးသက်ဝေအောင် က "ဒီကနေ့ တံတားဖေါင်ဒေးရှင်း အပိုင်းစတယ်လို့ ပြောရမှာပါ။ စီမံကိန်းလုပ်ငန်းတွေ တောက်လျှောက် လုပ်သွားတော့မယ်။ နည်းပညာအားလုံး ကိုရီးယား နည်းပညာတွေပါပဲ။ နိုင်ငံတကာ အဆင့်မီ စံချိန်စံညွှန်းအတိုင်း ကေဘယ်လ်စတီးကြိုးတံတား ဒီဇိုင်းနဲ့ပေါ့၊ အမှန်စီမံကိန်းဟာ ၂၀၁၉ မေလက စတာပါ။ ၂၀၂၂ ခုနှစ်ဒီဇင်ဘာလကုန်အပြီး လျာထားတဲ့အတွက် (၄၁) လကြာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အခက်အခဲက ရန်ကုန်မြစ်ဖြတ် လုပ်ငန်းခွင်ဝင်တဲ့ အချိန်ပါ။ ဒီမြစ်က ပြည်တွင်းပြည်ပ သင်္ဘောကြီးတွေလည်း အသွားအလာများတယ်။ ပြည်သူတွေနဲ့ ကိုယ့်ဝန်ထမ်းတွေ ထိခိုက်မှုမရှိအောင် ဂရုစိုက်လုပ်ရမဲ့ တံတားကြီးပါ။ ပြီးသွားရင်း ဟိုဘက်ကမ်း ဒီဘက်ကမ်း လူတန်းစား အလွှာအသီးသီး တိုးတက်ပြောင်းလဲလာမယ်လို့ ယုံကြည်ပါတယ်" ဟု ပြောသည်။


ထိုတံတားတည်ဆောက်ခြင်းအတွက်  ကိုရီးယားနိုင်ငံမှ US ဒေါ်လာ(၁၃၇ ဒသမ ၈၃၃)သန်းကို အတိုးနှုန်း(ဝ ဒသမ ဝ၁) သန်း ရာခိုင်နှုန်းဖြင့်ရယူ၍ နှစ်(၄၀) ချေးငွေဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ Main ကန်ထရိုက်တာသည် ကိုရီးယားနိုင်ငံ၏ GS Engineering Group မှအဓိက တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း၊ ဒုတိယအပိုင်းက ရန်ကုန် ဘုန်းကြီးလမ်းဘက်အပိုင်း ချဉ်းကပ် ဘိုးပိုင်တူးဖေါ်ဆောက်လုပ်ခြင်းကို ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မှာဖြစ်ကြောင်း၊ တတိယအပိုင်းက ရေလယ်ခန်းဖွင့်တာဝါတိုင်ကြီး နှစ်တိုင်နှင့် ကေဘယ်လ်ကြိုးဆိုင်းတံတားကို CCEC တရုတ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မှာဖြစ်ကြောင်း သိရသည်။


ယင်းတံတားကြီး၏ ရေလယ်အပိုင်း တာဝါတိုင်နှစ်တိုင် အကွာအဝေးသည် မီတာ(၃၇၀)ခန်းဖွင့် အကျယ်ရှိသည်။ ဒလ ဘက်အခြမ်း ချဉ်းကပ်တံတား အရှည်သည် မီတာ(၅၇၇)မီတာ၊ ရန်ကုန်ဘက်အခြမ်းချဉ်းကပ်တံတား အရှည်သည်
မီတာ (၆၀၁) မီတာရှိသည်။ ရေလယ်အပိုင်းပင်မတံတား အရှည်သည် အီတာ(၆၉၀)မီတာ ရှည်သည်။ တံတားကြီး၏ စုစုပေါင်းအရှည်မှာ( ၆၁၄၄ ) ပေ အရှည်လျားသည်။ ရေလမ်းကင်းလွတ်အမြင့်သည် မီတာ(၄၉)မီတာပေအားဖြင့် (၁၆၀)ပေရှိသည်။ တံတားတစ်ဖက်လျင်(၄)မီတာကျယ် လူသွားပလက်ဖေါင်း အသွားအပြန်ပါရှိကာ လေးလမ်းသွားတံတားဖြစ်ကြောင်း သိရသည်။


သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး