မုံရွာ ၁ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အပူပိုင်းဇုန်အတွင်းသို့ ကျရောက်လျက်ရှိသော မြို့နယ်(၅)ခုတွင် ရာသီဥတုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် စီမံကိန်းကို (၇)နှစ်ကြာ အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး၏ ပြောကြားချက်အရ သိရသည်။
ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခိုင်နိုင်သော စိုက်ပျိုးစီးပွားရေးဆိုင်ရာ တန်ဖိုးကွင်းဆက်များတစ်လျောက် အရေးကြီးအဆောက်အဦများပိုမိုကောင်းမွန်စေရန်၊ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးနှင့် ဘေးအန္တရာယ် ကင်းရှင်းမှု စမ်းသပ်စစ်ဆေးသည့်စွမ်းဆောင်ရည် တိုးမြှင့်စေရန်၊ တောင်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ပတ်သက်သူများစိုက်ပျိုးထုတ်လုပ်မှုအလေ့အကျင့်များနှင့် နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များပိုမိုတိုးတက်လာစေရန်၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးရေး လုပ်ငန်းများအတွက် မူဝါဒဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေကောင်းများပေါ်ထွန်းလာရေးကို တိုးမြှင့် ဆောင်ရွက်ရန် ၎င်းစီမကိန်းကို အကောင်အထည်ဖော်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းစီမံကိန်းကို တိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ယင်းမာပင်နှင့်ဆားလင်းကြီးမြို့နယ် တို့တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ ဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၏ချေးငွေ အမေရိကန်ဒေါ်လာ(၄၀.၅)သန်း အကုန်အကျခံ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


