မန္တလေး ၁ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက ကြီးမှူး၍ ငလျင်ဘေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြသခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အကွက်အမှတ်(၄၄)၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြား၊ ၅၉လမ်းနှင့် ၆၀ လမ်းကြားရှိ ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ဩစတြေးလျ-မြန်မာချစ်ကြည်ရေး ကျောင်းဆောင်တွင်ပြုလုပ်သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှတိုင်းဦးစီးမှူး ဦးအေးမင်းသူက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေး အကြောင်းတို့ကို ဟောပြောပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများကို ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့၊မန္တလေး ပရဟိတမင်းခေါင်(အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့)၊ မန္တလေးမြို့ပေါ်ရှိလူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များက ငလျင်ဘေးဆိုင်ရာ အန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်လူနာကယ်ဆယ်ရေးလုပ်ငန်းများ၊ ဘေးလွတ်ရာနေရာနှင့် အရေးပေါ် ထွက်ပေါက်ရှာဖွေခြင်းလုပ်ငန်းများ၊ စာသင်ခန်းများ အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း၊ စာသင်ခန်းများအတွင်း ပိတ်မိနေသည့်ကျောင်းသား ကျောင်းသူများအား ရှာဖွေကယ်ဆယ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ ကယ်ဆယ်လာသူများကို ရှေးဦးပြုစုခြင်း၊ အရေးပေါ်ကုသရေး နေရာသို့ ပို့ဆောင်ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ပျောက်ဆုံးမှု ရှိ၊မရှိစစ်ဆေးခြင်းများကို လက်တွေ့သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ပြသကြသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှတိုင်းဦးစီးမှူး ဦးအေးမင်းသူနှင့် ဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အုပ်ချုပ်ရေးအရာရှိ ဦးကျော်ကျော်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊သဘာဝဘေးတုံ့ပြန်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာသန်းထွန်းမြင့်နှင့် အဖွဲ့ဝင်များ မန္တလေးပရဟိတမင်းခေါင် (အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့) ဥက္ကဋ္ဌ ဦးခင်မောင်တင့်၊ ဒုဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မန္တလေးမြို့ပေါ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ စုစုပေါင်း(၁၀ဝ)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


