၁၃ ဒီဇင်ဘာ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်၏ ပထမခြောက်လကာလအတွင်း အထည်ချုပ် လုပ်ငန်းကဏ္ဍမှ ပြည်ပသို့ တင်ပို့ခဲ့သည့် ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ တစ်ဘီလီယံကျော်ရှိကြောင်း သိရှိရပါသည်။ ဤကိန်းဂဏန်း အချက်အလက်ကို ကြည့်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး၌ အထည်ချုပ် လုပ်ငန်းကဏ္ဍ၏ အရေးပါပုံကို မှန်းဆနိုင်ပါသည်။ သို့ဖြစ်ပါ၍ အမျိုးသား ပို့ကုန် မဟာဗျူဟာတိုးတက်ရေးစီမံချက်၌ အထည်ချုပ်လုပ်ငန်းကို ဦးစားပေးကဏ္ဍအဖြစ် ထည့်သွင်းရေးဆွဲထားခြင်း ဖြစ်ပါသည်။ အထည်ချုပ် လုပ်ငန်းကဏ္ဍ၏ တခြားအရေးပါသောအချက်မှာ အမျိုးသမီးတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးနိုင်ခြင်း ဖြစ်ပါသည်။ ဤအချက်က တိုင်းပြည်၏ လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းတစ်ရပ်ကို ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။

 

ဤမျှ အရေးကြီးသော အထည်ချုပ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဒိန်းမတ်နိုင်ငံက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းသည် ကြိုဆိုရမည့် မင်္ဂလာ ရှိသော ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။ အဆိုပါ နားလည်မှုစာချွန်လွှာအရ ပိုမိုခိုင်မာကောင်းမွန်သော အလုပ်အကိုင်များ ဖန်တီးရေးကို ဆောင်ရွက် မည် ဖြစ်သကဲ့သို့ တန်ဖိုးမြင့် ထုတ်ကုန်များ စဉ်ဆက်မပြတ်တိုးတက် ထုတ်လုပ်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဤကဲ့သို့ အထည်ချုပ်လုပ်ငန်းကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရမည် သာမက အထည်ချုပ်လုပ်သားတို့၏ လူမှုဘဝ မြင့်မားရေးကိုလည်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့မှသာ လူမှုရေးတရားမျှတမှုနှင့် တည်ငြိမ် မှုကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဒိန်းမတ်နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာ၌ လုပ်ငန်းခွင်အခြေအနေ ပိုမိုတိုးတက်ရေးနှင့် အထည်ချုပ်လုပ်သားတို့၏ လူမှုဘဝတိုးတက်ရေး ဆိုင်ရာ ညှိနှိုင်းမှုတို့ ပိုမိုပြုလုပ်ရေးတို့ကို ထည့်သွင်းထားခြင်း ဖြစ်ပါသည်။

 

ဒိန်းမတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းအား ချုပ်ခစားစနစ် (CMP)မှ အစအဆုံး အလုံးစုံကိုယ်တိုင် စီမံခန့်ခွဲထုတ်လုပ်သည့် စနစ်သို့ ကူးပြောင်းနိုင်ရေးကို ပံ့ပိုးကူညီပေးနိုင် မည်ဟု ယူဆပါသည်။ အထည်ချုပ်လုပ်ငန်းအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းအရပ်ရပ် စုစည်းဝယ်ယူခြင်းမှသည် အသင့်ဝတ်အထည် တို့ တင်ပို့နိုင်သည်အထိ မြန်မာ့အထည်ချုပ်လုပ်ငန်းတို့က စွမ်းဆောင် နိုင်ပါက အထည်ချုပ်လုပ်ငန်း၏ ပို့ကုန်တန်ဖိုးကို သိသိသာသာမြင့်မား စေမည် ဖြစ်ပါသည်။ ဤကဲ့သို့ ပို့ကုန်တန်ဖိုးမြင့်မားလာပါက တိုင်းပြည်၏ ကုန်သွယ်ရေး လိုငွေ ကျဆင်းရေးကို ပံ့ပိုးဖြစ်ပေါ်စေပြီး တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားကောင်းတစ်ရပ်ကို ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အထည်ချုပ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒိန်းမတ်နိုင်ငံနှင့် ချုပ်ဆိုသော နားလည်မှုစာချွန် လွှာကို ဂုဏ်ပြုကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။