နေပြည်တော် ၁ ဇူလိုင်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် နယူးဇီလန် နိုင်ငံသံရုံး၊ Ombudsman Office တို့ ပူးပေါင်း၍ တိုင်ကြားမှု ကိုင်တွယ်ဖြေရှင်းရေး ယန္တရားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop on Complaint Handling Mechanisms) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် M Gallrey Hotel ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အဖွင့်အမှာစကားပြောကြားရာ၌ ကော်မရှင်သို့ ရောက်ရှိလာသော တိုင်ကြားစာများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီမံခန့်ခွဲ၍ ကိုင်တွယ်ဆောင်ရွက်နေပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ပြီး မိမိတို့၏ တိုင်ကြားမှု ကိုင်တွယ်ဖြေရှင်းရေးယန္တရားကို ပိုမိုထိရောက် လျင်မြန်သွက်လက်စေရန်၊ တိုင်ကြားသူများအတွက်လည်း အဆင်ပြေချောမွေ့စေသည့်အပြင် တုံ့ပြန်ဖြေကြားမှု ပိုမိုကောင်းမွန်စေရန် နည်းလမ်းရှာဖွေ ကြိုးပမ်းဆောင်ရွက်လျက်ရှိပုံများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း၊ နယူးဇီလန် နိုင်ငံသံအမတ်ကြီး H.E Mr. Steve Marshall နှင့် Chief Ombudsman H.E Mr. Peter Boshier တို့က အသီးသီး အဖွင့်အမှာစကားများ ပြောကြားကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားတက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ ပြည်သူ့လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီမှဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတို့မှ အဆင့်မြင့်အရာရှိများ တက်ရောက်ကြပြီး တိုင်ကြားမှုကိုင်တွယ်ဖြေရှင်းရေး ယန္တရားနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့် ညီညွတ်စေရန် ပြုပြင်ပြောင်းလဲရေး လိုအပ်ချက် အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး ညနေ ၄ နာရီခွဲတွင် အလုပ်ရုံဆွေးနွေးပွဲ ပြီးဆုံးကြောင်း သိရသည်။
MDN
Photo-ACC Myanmar


