စစ်တွေ ၁ ဇူလိုင်
ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာအများအပြားတွင် မိရိုးဖလာရက်ကန်းလုပ်ငန်းများကို အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်လျက်ရှိရာရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သေ ာရက်ကန်းပညာ အဆင့်မြှင့်တင်ပေးခြင်းသင်တန်းနှင့် ရက်ကန်းစင် (၃၀) ထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ကျောက်တန်းချေကျေးရွာ၌ ကျင်းပသည်။
"ရခိုင်ပြည်နယ်မှာရှိတဲ့ ကျေးရွာအများစုဟာ ရက်ကန်းလုပ်ငန်းလုပ်ကိုင်ကြတဲ့သူတွေ များပါတယ်။ သူတို့ဟာ မိရိုးဖလာရက်ကန်းပုံစံအတိုင်း လုပ်ကိုင်ကြတယ်။ အဲဒီတော့ ဈေးကွက်ကို ထင်သလောက် မထိုးဖောက်နိုင်ဘူး။ ဈေးကွက်ကိုထိုးဖောက်နိုင်ဖို့ဆိုရင် ရက်ကန်းယက်တဲ့ နည်းပညာတွေ အဆင့်မြှင့်တင်မှရမှာပါ။ ဒါကြောင့် ရက်ကန်းပညာအဆင့်မြှင့်တင်ပေးတဲ့ သင်တန်းကို ကျွန်တော်တို့ဌာနအနေနဲ့ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ဒီလိုသင်တန်းပေးခြင်းအားဖြင့် ရက်ကန်းချည် အရည်အသွေးနည်းပညာတွေ ပိုမိုတိုးတက်လာမယ်။ ထွက်ရှိလာတဲ့ ရက်ကန်းထည် အရည်အသွေးတွေဟာလည်း ပိုမိုကောင်းမွန်လာမယ်။ အဲလိုတိုးတက်ကောင်းမွန်လာမှ ဈေးကွက်မှာ ရခိုင်လုံချည်တွေဟာ တစ်ခေတ်ပြန်ပြီးတော့ ထိုးဖောက်လာနိုင်မှာ ဖြစ်ပါတယ်" ဟု ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဖြိုး ကပြောသည်။
စစ်တွေမြို့နယ်အတွင်းရှိ ကျောက်တန်းချေကျေးရွာသည် တစ်ရွာလုံးနီးပါး မိရိုးဖလာရက်ကန်း လုပ်ငန်းကိုလုပ်ကိုင်ဆောင်ရွက်ကြပြီး နည်းပညာလိုအပ်ချက်များကြောင့် ၎င်းကျေးရွာအား ဦးစားပေးရွေးချယ်၍ ရက်ကန်းပညာအဆင့်မြှင့်တင် ပေးခြင်းသင်တန်းနှင့် ရက်ကန်းစင် (၃၀) ထောက်ပံ့ပေးခြင်းဆောင်ရွက်ခဲ့ကြောင်း၊ ကျောက်တန်းချေကျေးရွာကဲ့သို့ လိုအပ်ချက်အခက်အခဲများရှိနေသည့် အခြားကျေးရွာများကိုလည်း သင်တန်းနှင့် ထောက်ပံ့များ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဦးအောင်ဖြိုးက ပြောသည်။
မိရိုးဖလာရက်ကန်းလုပ်ငန်းကို နှစ်ပေါင်း ၃၀ ကျော် လုပ်ကိုင်လာသည့် ကျောက်တန်းချေကျေးရွာသူ ဒေါ်တင်တင်ဦးက "အခုပေးတဲ့ ရက်ကန်းစင်က ကျွန်မတို့ အိမ်မှာရှိတဲ့ ရက်ကန်းစင်နဲ့မတူပါဘူး။ အိမ်မှာရှိတဲ့ ရက်ကန်းစင်ကအိမ်တိုင်မှာကပ်ပြီးရက်လုပ်ရတယ်။ ခုပေးတဲ့ ရက်ကန်းစင်ကနေရာပြောင်းရွေ့ပြီးရက်လုပ်လို့ရတယ်၊ အဆင့်လည်းမြင့်တယ်။ တာဝန်ရှိသူတွေ အနေနဲ့ အခုလိုအဆင့်မြှင့်သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးတာကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ရက်လုပ်တာနဲ့ မန္တလေးနဲ့ တခြားပြည်မကြီးကလာတဲ့ အထည်တွေနဲ့ကအရည်အသွေးမတူပါဘူး။ နည်းပညာလိုအပ်ချက်တော့ ရှိနေပါတယ်။ အဲဒါတွေကိုလည်း တာဝန်ရှိသူတွေအနေနဲ့ သင်တန်းဖွင့်လှစ် သင်ကြားပေးရင် ကျွန်မတို့အတွက် ပိုပြီးတော့ ဈေးကွက်ဝင်တဲ့ ရက်ကန်းထည် တွေ ပိုပြီးရက်လုပ်နိုင်မယ် ထင်ပါတယ်"ဟုပြောသည်။
ယခုသင်တန်းကိုကျောက်တန်းချေကျေးရွာ၌ ကျေးရွာသူ ၃၀ အားရခိုင်ပြည်နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ဆရာမများကဇူလိုင်လတစ်လတာသင်ကြားပို့ချ ပေးသွားမည်ဖြစ်ရာသင်တန်းပြီးဆုံးပါကအဆိုပါ သင်တန်းသူ ၃၀ အားအဆင့်မြှင့် ရက်ကန်း လုပ်ငန်းလုပ်ကိုင်နိုင်ရန် တစ်ဦးလျှင် ရက်ကန်းစင်တစ်စင်နှုန်းဖြင့် စုစုပေါင်းရက်ကန်းစင် ၃၀ အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီးရက်ကန်းစင်တစ်စင်၏ တန်ဖိုးမှာငွေကျပ် ၅ သိန်းခွဲရှိကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီး ဦးကျော်လွင် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီးရခိုင်ပြည်နယ် အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်း ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ကျောက်တန်းချေကျေးရွာမှ ရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသားများနှင့် ရက်ကန်းသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သတင်းနှင့်ဓာတ်ပုံ-ဟန်မင်း


