မိုးညှင်း ၁ ဇူလိုင်
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်လူ မှုဝန်ထမ်းဦးစီးဌာနမှ အသက်(၃)နှစ်အောက်ကလေးများ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ မိခင်ဝိုင်း(၅)ဝိုင်း တိုးချဲ့ဖွဲ့စည်းခြင်းနှင့် ဝိုင်းများတွင်ပါဝင်မည့်သူများအား သင်တန်းပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အောင်သပြေရပ်ကွက်ရှိ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးဝင်းအတွင်းရှိ အောင်သပြေမူကြိုကျောင်း၌ ကျင်းပသည်။
မိုးညှင်းမြို့နယ်အတွင်းရှိ မူကြိုကျောင်းများဖွင့်လှစ်ထားခြင်းမရှိသည့် ပင်းဟဲကျေးရွာ၊ ပင့်သာကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အုတ်ကျင်းရပ်ကွက်၊ ရွာသစ်ကုန်းရပ်ကွက်၊ မြို့မရပ်ကွက်များတွင် မိခင်ဝိုင်း(၅)ဝိုင်း တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် အဆိုပါ မိခင်ဝိုင်းများတွင် ဦးဆောင်မည့်သူနှစ်ဦးနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများကို ကလေးပြုစုစောင့်ရှောက်ရေးသင်တန်းများ ပို့ချသင်ကြားခဲ့သည်။
သင်တန်းနှင့်ပတ်သက်၍ သင်တန်းပို့ချသူ ဆရာမ ဒေါ်မြင့်မြင့်သီက “ရပ်ရွာရှိ ကလေးမိဘတွေ အလုပ်လုပ်လို့ရအောင် ဖွင့်လှစ်ပေးတာဖြစ်တယ်၊ ဝိုင်းတစ်ဝိုင်းမှာ ကလေးအယောက်(၂၀) ဆိုလျှင် ကလေးမိဘတစ်ဦးသာ ထိန်းသိမ်းစောင့်ရှောက်ပြီး ကျန်တဲ့မိဘ(၁၉)ဦးက စိတ်ချလက်ချ အလုပ်လုပ်လို့ရသွားမှာဖြစ်တယ်၊ ဝိုင်းခေါင်းဆောင်ကို ထောက်ပံ့ကြေးအနေနဲ့ တစ်လ(၃၀ဝ၀ဝ)နဲ့ ကလေးတစ်ယောက်ကို အာဟာရကျွေးမွေးဖို့ (၁)ရက် ၃၅၀ နှုန်းနဲ့ ထောက်ပံ့သွားမှာဖြစ်တယ်” ဟု ပြောသည်။
သင်တန်းကို ယခုလ(၁)ရက်နေ့မှ (၅)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီခွဲမှ မွန်းလွဲ(၂)နာရီခွဲအချိန်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး လူမှုဝန်ထမ်းဘာသာရပ်၊ ကလေးသဘောသဘာဝ၊ ကလေးဖွံ့ဖြိုးမှု၊ ကျန်းမာရေးနှင့်အာဟာရ၊ ကစားခြင်း၊ ဘာသာစကားနှင့် စာရင်းဇယားထားသိုနည်းများ၊ လချုပ်များစသည့် သင်တန်းဘာသာရပ်များကို သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


