ရန်ကုန် ၁ ဇူလိုင်
သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးအင်ဂျင်များ ကျွမ်းကျင်စွာ ကိုင်တွယ်တတ်မြောက်စေရန် ဇူလိုင် ၁ ရက်နံက် ၁၀ နာရီခွဲက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ အမှတ်(၃)လမ်းမကြီးပေါ်ရှိ MSP CAT Learning Center တွင် မြန်မာပြည်တစ်ဝှမ်းမှ လူငယ်သင်တန်းသား(၅၀) အား ပထမဆုံးအကြိမ်အဖြစ် အခမဲ့လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး လူငယ်များကိုလည်း အလုပ်သင်စက်ပြင်သင်တန်းသားများအဖြစ် သင်တန်းသား(၂၁၀)ကို မွေးထုတ်ပေးခဲ့ပြီး ယခုလက်ရှိတွင် မြန်မာပြည်တစ်ဝှမ်းမှ သင်တန်းသား (၈၂)ဦးကို သင်ကြားပေးလျက်ရှိကြောင်း၊ ယခုပထမအကြိမ်ဖွင့်လှစ်သော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး အင်ဂျင်ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းတွင်လည်း လက်ရှိအသုံးပြုနေသော သဘာဝဓာတ်ငွေ့သုံး အင်ဂျင်များကိုပြုပြင် ထိန်းသိမ်းတတ်စေရန် သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းနောက်ဆုံးရက်၌ (၅၀)မီဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်ပေးလျက်ရှိသော ရွာမသဘာဝဓာတ်ငွေ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွင် သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။

“ အခုသင်တန်းက လျှပ်စစ်မီးထုတ်လုပ်တဲ့ ဂက်စ်အင်ဂျင်ပိုင်းဆိုင်ရာ စက်ကိုပြုပြင်ထိန်းသိမ်းခြင်း နဲ့ အင်ဂျင်ရဲ့ စနစ်လေးမျိုးကိုသင်ကြားပေးသွားမှာပါ။ ဒီဇယ်မီးပေါက်အားနဲ့ သဘာဝဓာတ်ငွေ့ မီးပေါက်အား မတူညီရတဲ့အကြောင်းရင်းနဲ့ စက်ပစ္စည်းကို ဘယ်လိုထိန်းသိမ်းရမယ် ဆိုတာကို(၃)ရက်သ င်ကြားပေးသွားမှာပါ”ဟု သင်တန်း၏ စီနီယာမန်နေဂျာဖြစ်သူ ဦးစောဘွဲမူက ပြောသည်။
အဆိုပါရက်တိုသင်တန်းတွင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး အင်ဂျင်များဖြစ်သော G3600 A3 Gas engine Overview and engine components,cooling & Lubricating system တို့ကိုလည်းကောင်း၊ G3600 A3 Gas engine controls,air/fuel ratio control , ADEM S 3 engine start, stop, control တို့ကို အဓိကသင်ကြားပေးမည်ဖြစ်ပြီး အင်ဂျင်ပိုင်းဆိုင်ရာ၏ ပြုပြင်ထိန်းသိမ်းနည်းပိုင်း ဆိုင်ရာကိုလည်း လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။
“ကျွန်တော်တို့ ကုမ္ပဏီကလည်း ရေနံပို့လွှတ်နေတာကြောင့် အခုလိုသင်တန်းမျိုးက ကျွန်တော်တို့အတွက် အကျိုးရှိစေပါတယ်။ စက်ပစ္စည်းပိုင်းဆိုင်ရာကို ကျွမ်းကျင်ပိုင်နိုင်မှုရှိလေ လုပ်ငန်းပိုင်းဆိုင်ရာ လုံခြုံစိတ်ချမှုရှိလေပါပဲ။ သဘာဝဓာတ်ငွေ့နဲ့ ထုတ်လုပ်တဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ကျွမ်းကျင်တတ် ကျွမ်းတတ်မြောက်ခြင်းဖြင့် မိမိအတွက်လည်း အကျိုးရှိသလို နိုင်ငံအတွက်လည်း အကျိုးရှိစေမှာပါ” ဟု ရခိုင်ပြည်နယ် မဒဲကျွန်း ရေနံပိုက်လိုင်းတွင် လုပ်ကိုင်နေသော သင်တန်းသားကိုမျိုးငြိမ်းက ပြောသည်။
ယင်းသင်တန်းအား Myan Shwe Pyi Tractors Ltd နှင့် South-East Asia Crude Oil Pip eline Company Limited တို့ ပူးပေါင်းသင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းကာလမှာ(၃)ရက် ဖြစ်ကြောင်း သိရသည်။
သန်းစိုး
ဓာတ်ပုံ - သန်းစိုး
