တာချီလိတ် ၁ ဇူလိုင်

 

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအမျိုးသား ၁၁ ဦးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံ တာချီလိတ်မြို့မှ ဒေသအာဏာပိုင်များထံသို့ မော်တော်ယာဉ်ဖြင့် ဇူလိုင် ၁ ရက်က မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား၌ လာရောက်လွှဲပြောင်းပေးခဲ့ရာ မြန်မာတာဝန်ရှိသူများက ကြိုဆို လက်ခံခဲ့သည်။

 

မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက်အထားမဲ့နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူခံရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရခြင်းဖြစ်ကာ အဆိုပါအလုပ်သမားများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ် ညှိနှိုင်းရေးကော်မတီဝင် CNCMC တို့က ကြိုဆိုလက်ခံကြပြီး ၎င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့သည်။

 

ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၁ ရက်အထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၁၁၀၇ ဦးရှိပြီး အမျိုးသား ၇၁၀ ဦး၊ အမျိုးသမီး ၃၆၁ ဦးနှင့် ကလေး ၃၆ ဦးတို့ ပါဝင်ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း