နေပြည်တော် ၁ ဇူလိုင်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့် လျှော်မျှင် ထွက်သီးနှံဌာနခွဲဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးနည်းပညာပေးအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက နေပြည်တော် ရုံးအမှတ် (၄၃) ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ပိုးချည်လုပ်ငန်းများအတွက် အလားအလာကောင်းများ ရှိနေသကဲ့သို့ ဝါသီးနှံ၏ ဈေးကွက်သည်လည်း ယခုနှစ်များအတွင်း တွက်ခြေကိုက်သောဈေးနှုန်းတွင် တည်ငြိမ်မှု ရှိနေသဖြင့် ဝါစိုက်တောင်သူများအတွက် အကျိုးဖြစ်ထွန်းမှုများ ရှိခဲ့ကြောင်း။

 

ပိုးချည်လုပ်ငန်းသည် ပိုးစာစိုက်ပျိုးရေးသာမကပိုးမွေးမြူမှုပါ ပါဝင်သည့် အပင်နှင့် တိရစ္ဆာန်မွေးမြူမှုလုပ်ငန်းစဉ်တစ်ခုဖြစ်သည့်အတွက် နည်းပညာပိုင်းအထူးဂရုပြု ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မည်သည့် သီးနှံပင်စိုက်ပျိုးသည်ဖြစ်စေ မြေဆီဆိုင်ရာစီမံခန့်ခွဲမှုသည် အပင်ဖြစ်ထွန်းမှုအတွက်သာမက မြေဆီထက်သန်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမှုတို့အပေါ် အကျိုးသက်ရောက်နိုင်သည်ကိုသတိမူပြီး ဓါတ်မြေသြဇာ၊ သဘာဝမြေသြဇာ၊ သစ်စိမ်းမြေသြဇာတို့ကို တောင်သူများမှန်ကန်စွာ ရွေးချယ်သုံးစွဲလာစေရေး ပညာပေးထိန်း ကျောင်းကြရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ဆွေးနွေးသည်။

 

အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်နှင့် ဦးသက်ဇင်မောင်၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဝါသီးနှံ လျှော်သီးနှံပိုးစာ သီးနှံသုတေသနနှင့် မျိုးသန့်ခြံများမှ အရာထမ်းအမှုထမ်းများတက်ရောက်ကြပြီး ဇူလိုင် ၃ ရက်အထိ ကျင်းပ သွားမည်ဖြစ်သည်။

 

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဘာသာရပ်အလိုက် ကျွမ်းကျင်သူဝါရင့်ပညာရှင်များက ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပြီး သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံများ၊ မျိုးသန့်ခြံများ၏ လက်ရှိဆောင်ရွက်နေမှု အတွေ့အကြုံများအပေါ် အမြင်ချင်းဖလှယ်ကာရှေ့ ဆက်လက် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဖော်ထုတ်ဆွေးနွေးသွားကြမည်ဖြစ်သည်။

 

မြန်မာနိုင်ငံ၌ ၂၀၁၈ ခုနှစ်အတွင်းဝါမျိုးစုံစိုက်ဧက ၅၅၄,၈၁၈ ဧကစိုက်ပျိုးခဲ့ပြီး စုစုပေါင်း ၂၄၁,၇၆၆,ဝ၆၃ ပိဿာ ထွက်ရှိခဲ့သဖြင့် တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ ၄၃၆ ဒသမ ဝ၂ ပိဿာဖြစ်သည်။ ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့် မျိုးပွားစိုက်ပျိုးခြင်းကို ဝါသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံများနှင့် ဝါသီးနှံမျိုးသန့်ခြံများ၏ စုစုပေါင်းစိုက်ဧက ၄၆၄ ဧကမှ ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်  ၇၉၀၄၁ ပိဿာ ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ဝါမျိုးသန့်အထူးဇုန် စံပြကွက်များသို့ ဖြန့်ဖြူးခဲ့ကာ ၄င်းမှတဆင့် စီးပွားဖြစ်မျိုးသန့်စေ့များအား လိုအပ်သည့် ဒေသများသို့ ဖြန့်ဖြူးပေးနိုင်ခဲ့သည်။

 

ဂုန်လျှော်၊ ချဉ်ပေါင်လျှော် မျိုးသန့်ပွားများမှုအတွက် ၁၀၃ ဒသမ ၅ ဧကစိုက်ပျိုးခဲ့ပြီး ဂုန်လျှော်၊ ချည်ပေါင်လျှော် မျိုးသန့်ဖြန့်ဖြူးမှု ၅၄၂ ဒသမ ၂၅ တင်း၊ ပိုက်ဆံလျှော် ၄၅၃ တင်း ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့သည်။ ပိုးစာသုတေသနနှင့် ပိုးစာခြံများတွင် ပိုးစာပင် ၃၃၅ ဧကစိုက်ပျိုးထားရှိပြီး ပိုးအိမ်ပေါင်း ၁၂၆၃၄ ပေါင် နှင့် ပိုးချည်ထုတ်လုပ်မှု ၃၅၈ ဒသမ ၆၅ ပေါင် ထုတ်လုပ်နိုင်ခဲ့သည်။ တစ်နိုင်ငံလုံးတွင် ပိုးစာစိုက်ပျိုးဧက စုစုပေါင်း ၃၆၀၈ ဧကရှိပြီး ပိုးအိမ် ထုတ်လုပ်မှု ၂၅၈ ဒသမ ၃၄ တန် ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)