နေပြည်တော် ၁ ဇူလိုင်

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံများနှင့်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်နှင့် ဘေး ဖြစ်ပွားပါက အလျင်အမြန်တုံ့ပြန်နိုင်ရေး၊ အမြန်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ ပြည်သူများကိုယ်တိုင်သိရှိနားလည်ပြီး ကြိုတင်ပြောင်းလဲဆောင်ရွက်ရန် လိုအပ် သည့်အတွက် အရပ်ဖက်အဖွဲ့အစည်းများ၊ သဘာဝဘေးကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့်အတူ ထိရောက်သောချိတ်ဆက်မှုဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပံ့ပိုးထောက်ပံ့မှုများ ဆောင်ရွက်ပါ ကြောင်း၊ သဘာဝဘေးကြိုတင်ပြင်ဆင်မှုအပိုင်းတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ပြည်သူ့အတွက်အကျိုးအမြတ် သေချာမည့် ရင်းနှီးမြုပ်နှံမှုဖြစ်ပါကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ သတင်းပေးသတင်းယူ ဆောင်ရွက် ရာတွင် ပိုမိုပီပီပြင်ပြင်ဆောင်ရွက်နိုင်ရန် DAN Mobile Application ကို တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် အသုံးပြုဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားသည်။

 

နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက နေပြည်တော်ကောင်စီနယ်မြေတွင် လေဘေးနှင့် မီးဘေးတို့ကို အထူးအလေးထားရပါကြောင်း၊ ရေဘေးကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ပေါင်းလောင်းချောင်း၊ ဆင်သေချောင်း၊ ငလိုက်ချောင်းတို့ရေစီးရေလာကောင်းမွန်ရန်နှင့် ကမ်းပါးပြို ကာကွယ်ရေးအတွက် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားပါကြောင်း၊ သဘာဝဘေး လျော့ပါးရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိပါကြောင်း၊ ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်ပြီး ကြိုတင်ကာကွယ်မှုအပိုင်းများကို ဦးစားပေးလုပ်ငန်းများအဖြစ် စီမံကိန်းရေးဆွဲ ဆောင်ရွက်ပါကြောင်း၊ သောက်သုံးရေရှားပါးမှုများအတွက် သောက်သုံးရေလှူဒါန်းခြင်းများ ဆောင်ရွက် ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ဦးစီးမှူးက DAN Mobile Application အသေးစိတ်အသုံးပြုမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး DAN Mobile Application မိတ်ဆက်ဗီဒီယိုဖိုင်အား ပြသသည်။

 

ဆက်လက်ပြီး ဆွေးနွေးပွဲတက်ရောက်လာကြသူများက ရေရှည်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် လူတစ်ဦး သစ်တစ်ပင်နှုန်း စိုက်ပျိုးရေးနှင့် ပလပ်စတစ်အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် မြေဆီလွှာပျက်စီးသည့်အတွက် စနစ်တကျ စည်းကမ်းထိန်းသိမ်းပေးစေလိုကြောင်း အကြံပြုတင်ပြခြင်း၊ ဝန်ကြီးဌာနအနေဖြင့် မြို့နယ်အလိုက် ပရဟိတကွန်ယက်များအား ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အတွက် ရက်တိုသင်တန်းများ ပို့ချပေးရေးနှင့်တွေ့ဆုံပွဲများ မကြာခဏပြုလုပ်ပေးနိုင်ရေးကို မေးမြန်းဆွေးနွေးကြရာ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က တင်ပြချက်များအပေါ်ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)