၁ ဇူလိုင် 

 

ဇွန် ၂၇ ရက်မှ ၃၀ ရက်အထိ ဘီနင်နိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ချန်ပီယံဆု ထပ်မံဆွတ်ခူး ရရှိခဲ့သည်။

 

သက်ထားသူဇာသည် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး မောရစ်သျှနိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဗိုလ်စွဲပြီး ရက်ပိုင်းအကြာမှာပင် ယခုပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ယခုပြိုင်ပွဲတွင် ပထမအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရပြီး အိမ်ရှင်ဘီနင်ကစားသမား ကပ်ပိုချီချီကို ၂၁-၁ မှတ်၊ ၂၁-၄ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရကာ ဒုတိယအဆင့်တွင် ဘီနင်ကစားသမား ဗီတိုအူမှာ ယှဉ်ပြိုင်ခြင်းမရှိသောကြောင့် ကွာတားဖိုင်နယ်သို့အလိုအလျောက်တက်ရောက်ခွင့်ရခဲ့သည်။ ကွာတားဖိုင်နယ်တွင် ယခုပြိုင်ပွဲ၏ ဆီဒင်(၂) ရ နိုင်ဂျီးရီးယားကစားသမား အဒီဆိုကန်ကို ၂၁-၄ မှတ်၊ ၂၁-၁၉ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဆီမီးဖိုင်နယ်တွင် ဆီဒင် (၄) ရ အီဂျစ်ကစားသမား ဟိုဆနီကို ၂၁-၈ မှတ်၊ ၂၁-၁၀ မှတ်ဖြင့် နှစ်ပွဲပြတ်ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။


 
ဗိုလ်လုပွဲတွင် ဆီဒင် (၃) ရ ပီရူးကစားသမား မာစီယာကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရခဲ့သည်။ သက်ထားသူဇာသည် ပထမပွဲငယ်တွင် ၁၇-၂၁ မှတ်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယပွဲငယ်တွင် ၂၁-၁၈ မှတ်၊ နောက်ဆုံးပွဲငယ်တွင် ၂၁-၁၄ မှတ်ဖြင့် ပွဲငယ်နှစ်ပွဲဆက်အနိုင်ရကာ ချန်ပီယံဆုရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ယခုပြိုင်ပွဲတွင် ဆီဒင် (၅) သာရသော်လည်းပြိုင်ဘက်များကို လက်စွမ်းပြကျော်ဖြတ်ကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ 

 

သက်ထားသူဇာသည် ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ အိုင်ဗရီကို့စ်နိုင်ငံ၌ ကျင်းပမည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဘီနင်နိုင်ငံမှ အိုင်ဗရီကို့စ်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်သည်။ သက်ထားသူဇာသည် ၂၀၁၈ အောက်တိုဘာ မှ ၂၀၁၉ ဇွန်လအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများ၌ ချန်ပီယံဆု ငါးကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်သည့် နိုင်ငံတကာပြိုင်ပွဲများတွင်မူ လေးကြိမ်မြောက် ချန်ပီယံဆုရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ချန်ပီယံဆုများကို ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် အီဂျစ်နိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် ယူဂန္ဓာနိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲ၊  ကင်ညာနိုင်ငံ၌ ကျင်းပသည့် Furture Series ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဇွန်လတွင် မောရစ်သျှနိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ယခု ဘီနင်နိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက် ပြိုင်ပွဲတို့တွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-သက်ထားသူဇာ Facebook

 

IMG_1