ညောင်ဦး ၂ ဇူလိုင်
မိုးရာသီကာလတွင် ခြင်ကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ စိန်ကုန်းရပ်ကွက်မှ ရာအိမ်မှူးများနှင့် ရပ်ကွက်လူငယ်ခေါင်းဆောင်များ ပူးပေါင်းအဖွဲ့သည် ညောင်ဦးမြို့၊ စိတ္တသုခ ခြင်ဆေးဖျန်း ပရဟိတလူငယ်အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ယနေ့ နံနက် ၈ နာရီခွဲက စိန်ကုန်းရပ်ကွက်အတွင်း ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ စိန်ကုန်းရပ်ကွက်မှ ဒေသခံရပ်မိရပ်ဖ ဦးဝင်းမင်းထွန်းထံမှ သိရသည်။
ရပ်ကွက်နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကင်းဝေးစေရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ စိန်ကုန်းရပ်ကွက်မှ ဒေသခံပြည်သူများက ရပ်ကွက်မှ စုဆောင်းထားရှိသည့် ရန်ပုံငွေဖြင့် ခြင်နိုင်ဆေးများ ဝယ်ယူ၍ ညောင်ဦးမြို့၊ စိတ္တသုခ ခြင်ဆေးဖျန်း ပရဟိတလူငယ်အဖွဲ့မှ ခြင်ဆေးဖျန်းစက်နှင့် လုပ်အားဒါန ပါဝင်ကူညီဆောင်ရွက်ပေးပြီး တစ်အိမ်တက်ဆင်း လိုက်လံ၍ ခြင်နိုင်ဆေးများ ဖျန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
“ယခုတလော ဖြစ်ပွားနေတဲ့ သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ်များ သေဆုံးနေတာကို ကြားသိရလို့ ကျွန်တော်တို့ ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ စိန်ကုန်းရပ်ကွက်မှာရှိတဲ့ ဒေသခံပြည်သူတွေ ညှိနှိုင်းဆွေးနွေးပြီး ရပ်ကွက်အတွင်းရှိ ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကင်းဝေးစေရေးအတွက် တစ်အိမ်တက်ဆင်း ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ခြင်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ ရပ်ကွက်က ခြင်နိုင်ဆေးပစ္စည်းများကို အကုန်အကျခံ ဝယ်ယူပြီး ညောင်ဦးမြို့၊ စိတ္တသုခ ခြင်ဆေးဖျန်း ပရဟိတလူငယ်အဖွဲ့မှ ကိုရဲထွန်းဦး ဦးဆောင်သော လူငယ်အဖွဲ့က ခြင်ဆေးဖျန်းစက်ပစ္စည်းနဲ့ လုပ်အားဒါန ကူညီဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြင်းကပါကျေးရွာ စိန်ကုန်းရပ်ကွက်မှာ အိမ်ခြေ ၂၉၃ အိမ်ရှိပြီး လူဦးရေကတော့ ၂၀ဝ၀ ကျော်ခန့် ရှိပါတယ်။ ယခု ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို အဖွဲ့များခွဲပြီး အပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခုလို ရပ်ကွက်နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကင်းဝေးရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို လာရောက်ကူညီဆောင်ရွက်ပေးတဲ့ ကိုရဲထွန်းဦးနှင့် ပရဟိတလူငယ်များအဖွဲ့ကိုလည်း ရပ်ကွက်နေပြည်သူများကိုယ်စား ကျွန်တော့အနေနဲ့ ကျေးဇူးတင်ပါတယ်” ဟု အဆိုပါ စိန်ကုန်းရပ်ကွက်မှ ဒေသခံရပ်မိရပ်ဖ ဦးဝင်းမင်းထွန်းက ပြောပြသည်။
ရဲဝင်းနိုင် (ညောင်ဦး)


