ညောင်ဦး ၂ ဇူလိုင်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အထောက်အကူပြုစေရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ ပေးပို့လှူဒါန်းသည့် အိမ်သုံးဆိုလာနှင့် ဇီဝမီးဖိုများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ညောင်ဦးမြို့နယ် လက်ထုတ် - ခက်လန်းကန် ကျေးရွာချင်းဆက် လမ်းဘေးအနီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစီမံကိန်း ရှင်းလင်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဇော်နိုင်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးမှ အိမ်သုံးဆိုလာနှင့် ဇီဝမီးဖိုများ ထောက်ပံ့ပေးရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ ပေးပို့လှူဒါန်းသည့် အိမ်သုံးဆိုလာနှင့် ဇီဝမီးဖိုများကို ညောင်ဦးမြို့နယ် ခက်လန်းကန်ကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ လက်ထုတ်ကျေးရွာနှင့် ခက်လန်းကန်ကျေးရွာမှ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်စိုက်ခင်း အဖွဲ့ဝင်များအား ကျေးရွာတစ်ရွာလျှင် ဇီဝမီးဖို ၄ လုံး စီအားလည်းကောင်း ထောက်ပံ့လှူဒါန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြသည်။
အဆိုပါ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ ညောင်ဦးမြို့နယ် မဲဆန္ဒနယ်မြေ(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ မဲဆန္ဒနယ်မြေ(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်၊ မြို့နယ်သစ်တောဦးစီးမှူး ဦးဇော်ဇော်နိုင်နှင့် ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် လက်ထုတ်ကျေးရွာနှင့် ခက်လန်းကန်ကျေးရွာမှ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် စိုက်ခင်းအဖွဲ့ဝင် ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပုဂံမြေ)


