ရွှေဘို ၂ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် စိုက်ပျိုးရေးဦးစီးဌာန (DOA) တို့ ပူးပေါင်းဆောင်ရွက်၍ ဆန်စပါး မျိုးသန့်၊ မျိုးစေ့ ရရှိသုံးစွဲနိုင်မှု မြှင့်တင်ရေးစီမံကိန်း သင်တန်းကို ယနေ့ နံနက် ၈ နာရီက ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး စိုက်ပျိုးရေးဦးမှူး ဦးဝင်းလှိုင်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းထွန်းက ယခုလို ပညာရှင်များ၏ ပို့ချမှုများကို တောင်သူများထံ ရောက်ရှိအောင် အသိပညာပေးဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် ရွှေဘိုမြို့ တောင်သူလယ်သမားကိုယ်စားလှယ် ဦးခင်မောင်ရွှေက တောင်သူများ၏ လိုအပ်နေသော နည်းပညာများကို အစဉ်ပို့ချပေးနေသောကြောင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဂျပန်နိုင်ငံ (JICA) စီမံကိန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပညာရှင်များ၊ တိုင်းဒေသကြီး မျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသန်းနှင့် ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မေကြွယ်ဝင်းတို့မှ ဆန်စပါး မျိုးသန့်၊ မျိုးစေ့ ရရှိသုံးစွဲမှု မြှင့်တင်ရေးစီမံကိန်းနှင့် ပတ်သက်၍ သင်တန်းပို့ချခဲ့သည်။
အဆိုပါသင်တန်းကို ရွှေဘိုခရိုင် အတွင်းရှိ မြို့နယ်အသီးသီးမှ ဝန်ထမ်းများ၊ မျိုးသန့်ခြံဝန်ထမ်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင် မျိုးစေ့ထုတ် ကုမ္ပဏီမှ ဝန်ထမ်းများနှင့် ရွှေဘိုခရိုင် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဝင် တောင်သူများ စုစုပေါင်း သင်တန်းသား သင်တန်းသူ (၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းမြင့်အောင် (ရွှေဘို)


