၂ ဇူလိုင်
နိုင်ဂျီးရီးယားနိုင်ငံ တောင်ဘက်ခြမ်းရှိ ရဲစခန်းတစ်ခုကို ယမန်နေ့က သေနတ်သမားများ တိုက်ခိုက်မှုကြောင့် တိုင်းအဆင့် ရဲအရာရှိတစ်ဦး နှင့် အခြား ရဲအဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲအာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါ သေနတ်သမားများသည် ယမန်နေ့အစောပိုင်းက Agudama-Ekpetiama ဒေသ Bayelsa ပြည်နယ် Yenagoa မြို့တော်ရှိ ထို ရဲစခန်းကို စီးနင်းတိုက်ခိုက်ကာ ပစ်ခတ်ခဲ့ကြသည်ဟု ရဲအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Asinim Butswat ပြောကြားချက်အရ သိရသည်။
ထိုရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသူ မရှိသကဲ့သို့ ၎င်းတိုက်ခိုက်မှုတွင် သေဆုံးသူ အရပ်သား တစ်ယောက်မျှ မရှိကြောင်း လုံခြုံရေးသတင်းအရင်းမြစ်တစ်ခုက သတင်းထောက်များကို ပြောကြားခဲ့သည်။
ယင်းသေနတ်သမားများသည် ရိုင်ဖယ်သေနတ်များ၊ ခဲယမ်းမီးကျောက်နှင့် ရဲယူနီဖောင်းများကို သယ်ဆောင်ကာထွက်ပြေးခဲ့ကြကြောင်း သတင်းရင်းမြစ်များက အတည်ပြုပြောကြားခဲ့သည်။
ရဲဌာနချုပ်မှ ထုတ်ပြန်ကြေညာချက်အရ ရဲချုပ် Mohammed Adamu က ထိုသေနတ်သမားများကို ဖမ်းဆီးရန်အမိန့်ထုတ်ထားသည်ဟု သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို