တာချီလိတ် ၂ ဇူလိုင် 


၂၀၁၈-၂၀၁၉ ခုနှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲ(ရုံးချုပ်) နေပြည်တော်မှ ကြီးမှူးကျင်းပသော ရော်ဘာစိုက်ပျိုးထိန်းသိမ်းခြင်းနှင့် ကွင်းလက်တွေ့သရုပ်ပြပွဲကို ဇူလိုင် ၁ ရက်တွင် တာချီလိတ်ခရိုင် ဦးစီးမှူးရုံးရှိ တောင်သူပညာပေး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေး၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်ဦး၊ ဒုတိယမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် လုပ်ငန်းရှင်/တောင်သူ စုစုပေါင်း ၆၅ ဦး တက်ရောက်ခဲ့သည်။


ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်တို့က လမ်းညွှန်အမှာစကား အသီးသီးပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက တာချီလိတ်ခရိုင် ဦးစီးမှူးရုံးတွင် သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ(ရုံးချုပ်) နေပြည်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်၊ ဦးစီးအရာရှိ ဦးစန်းယုကြည်နှင့် လက်ထောက်ဦးစီးမှူး ဦးအေးလွင်တို့က စာတွေ့လက်တွေ့ သင်တန်းပို့ချခဲ့ကြသည်။


ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဖန်မင်ကျေးရွာအုပ်စု၊ တောင်သူ ဦးစိုင်းကျောက်၏ ရော်ဘာစိုက်ခင်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေးတို့က (Rainguard)ဖြင့် အစေးလှီးခြင်းကို လက်တွေ့သရုပ်ပြသခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို လမ်းညွှန်မှာကြားခဲ့သည်။


စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး အခြားစီးပွားရေးလုပ်များအားကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးသီးနှံများကို ပြည်ပပို့ကုန်များ တိုးမြှင့်ထုတ်လုပ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရာတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေး၊ အထွက်နှုန်းမြှင့်များရေး၊ အရည်အသွေးမြှင့်မားရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့ကို ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 


မြင့်မိုရ်(တာချီလိတ်)

 

1