လေးမျက်နှာ ၂ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ကွင်း၌ ဇူလိုင် ၂ ရက် နံနက် ၈ နာရီက ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းနှင့် တောင်သူအသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလူချောက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်း၊ အပင်ပြုစုစောင့်ရှောက်နည်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများနှင့် တောင်သူများအနေဖြင့် စက်မှုလယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးနည်းစနစ် ပြောင်းလဲပြီး ကောက်စိုက်စက်များ အသုံးပြုစိုက်ပျိုးခြင်းဖြင့် အရည်အသွေးကောင်းမွန်ပြီး လယ်ယာလုပ်သားရှားပါးမှုနှင့် သွင်းအားစု ရှားပါးမှုပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးမှူး ဦးအေးထွန်းက လယ်ယာသုံး စက်ကိရိယာများအကြောင်းကို တက်ရောက်လာသော တောင်သူများအား ရှင်းလင်းပြောကြားပြီး ကောက်စိုက်စက်ဖြင့် ဆင်းသုခစပါးပျိုးပင်များအား သရုပ်ပြစိုက်ပျိုးခြင်းကို ကြည်ရှုအားပေးသည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူ (၂၅၀)ခန့် တက်ရောက်အားပေးကြကြောင်း သိရသည်။
ရွှေမိုး(လေးမျက်နှာ)


