၂ ဇူလိုင်

ရဲတပ်ဖွဲ့က ဟောင်ကောင်အလယ်ပိုင်း ဥပဒေပြုလွှတ်တော်အဆောက်အဦးနယ်မြေရှိ ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးအသုံးပြုကာ ရှင်းလင်းရေးလုပ်ဆောင်ခဲ့သဖြင့် လူ ၆၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ပြောကြားခဲ့သည်။

အကြမ်းဖျင်းအားဖြင့် ဒဏ်ရာရသူ ၆၀ ဦးရှိရာ သုံးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဖော်ပြထားသည်။ ဆန္ဒပြသူများသည်  အရည်နှင့် အမှုန့်တို့ဖြင့် ရဲတပ်ဖွဲ့များကိုပစ်ပေါက်ခဲ့ကြသဖြင့် ယင်း ရဲတပ်ဖွဲ့ဝင် ၁၅ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့အကြီးအကဲ ကဆိုသည်။

ဟောင်ကောင်ကို ဗြိတိန်လက်အောက်ကနေ တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးသည့်  ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည့် ယမန်နေ့က ဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထိုရာချီရှိသော ဆန္ဒပြသူများက နေ့ခင်းပိုင်းတွင် ဥပဒေပြုလွှတ်တော်အဆောက်အဦး အတွင်းသို့ဝင်ရောက်ရန် တံခါးပေါက်တစ်ခုနှင့် ပြတင်းပေါက်မှန်များကို ပစ်ပေါက်ခွဲခဲ့ကြသည်။

ယနေ့အစောပိုင်းက ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဆန္ဒပြသူများက ဥပဒေပြုလွှတ်တော်အဆောက်အဦးကို တိုက်ခိုက်ခဲ့ခြင်းအတွက် ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ပြစ်တင်ဝေဖန်ခဲ့သည်။

 

mdn

 

ဆန္ဒပြသူများက ဥပဒေပြုလွှတ်တော်အဆောက်အဦးကို တိုက်ခိုက်ခဲ့မှုကို ရှုတ်ချကြောင်း  တရုတ်အစိုးရက  ထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့နှောင်းပိုင်းက ထုတ်ပြန်ခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာနယူးအေဂျင်စီ သတင်းဖော်ပြချက်အရ သိရသည်။

ယမန်နေ့က တရုတ်ပြည်မကြီးတွင် တရားရင်ဆိုင်ရန် တရားခံလွှဲပြောင်းပေးရေး ဥပဒေမူကြမ်းကို လုံးဝရုပ်သိမ်းပေးရန်တောင်းဆိုသည့် ကန့်ကွက်ဆန္ဒပြသူ ငါးသိန်းငါးသောင်းခန့် ရှိကြောင်း ယင်းပွဲစီစဉ်သူများပြောကြားချက်အရ သိရသည်။

ဟောင်ကောင်အစိုးရက  ထိုဥပဒေမူကြမ်းကို ရပ်ဆိုင်းထားပြီး ထိုဥပဒေကြမ်းကို အတည်ပြုခဲ့လျှင်တောင်  ၂၀၂၀ ခုနှစ် ဇူလိုင်တွင် သက်တမ်းကုန်ဆုံးမည်ဟု ဆိုသည်။

ထိုဆန္ဒပြပွဲတွင် တက်ရောက်သူပေါင်း တစ်သိန်းကိုးသောင်းခန့် ရှိသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ကိုးကား - ကျိုဒိုနယူး
ဘာသာပြန် - မြင့်မြင့်ချို

 

mdn