နေပြည်တော် ၂ ဇူလိုင် 


မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်၍ ၂၀၁၉ ခုနှစ်၊ ဇူလိုင် (၃) ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် နေပြည်တော် မြို့ပတ်လမ်း (B-4) လမ်းဘေးရှိ ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ် (၁၃)၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ဇနီး ဒေါ်ချိုချို တက်ရောက်၍ အထိမ်းအမှတ် ခရေပင်ကို စိုက်ပျိုးပေးသည်။

 

1

 


သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ(ဟောင်း) ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ဇနီး နန့်ကြင်ကြည်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွှန့်၏ ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၏ဇနီး ဒေါ်အေးသီတာ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၏ဇနီး၊ ဒုတိယဝန်ကြီးများ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

1

 


အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ဇနီးဒေါ်ချိုချိုက အထိမ်းအမှတ် ခရေပင်ကို သတ်မှတ်နေရာတွင် စိုက်ပျိုးပေးသည်။ အလားတူ နိုင်ငံတော်သမ္မတ(ဟောင်း)၏ ဇနီးက ခရေပင်ကိုလည်းကောင်း၊ ဒုတိယသမ္မတ၏ဇနီးက ပိတောက်ပင်ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ဇနီးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ဇနီးတို့က ကံ့ကော်ပင်ကိုလည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၏ ဇနီးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ဇနီးတို့က ပိတောက်ပင်ကိုလည်းကောင်း သတ်မှတ်နေရာများ၌ စိုက်ပျိုးပေးကြသည်။


ထို့အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ အမျိုးသမီးအဖွဲ့အစည်းများ ကွန်ရက်၊ မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ ကျား၊ မရေးရာ တန်းတူညီမျှ ရေးကွန်ရက်၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှု အသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် သစ်ပင်ပျိုးပင်များကို စိုက်ပျိုးပေးကြသည်။


ထို့နောက် နိုင်ငံတော်သမ္မတ၏ဇနီးနှင့် အဖွဲ့ဝင်များသည် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ သစ်ပင်စိုက်ပျိုးမှုများကို လိုက်လံကြည့်ရှု အားပေးကြသည်။


ယနေ့ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတွင် ခရေ၊ ကျွန်း၊ မဟော်ဂနီ၊ ယင်းမာ၊ ပိတောက်၊ ရေတမာ၊ ကံကော်နှင့် မန်ဂျန်ရှားပျိုးပင်(၁၀ဝ၀) ကျော်ကို စိုက်ပျိုးခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက ဆက်လက်ပျိုးထောင် သွားမည်ဖြစ်ကြောင်း သိရသည်။


၂၀၁၉ ခုနှစ်၊ ဇူလိုင် (၃) ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ကျင်းပလျက်ရှိကြောင်း သိရသည်။


သတင်းစဉ်