မူဆယ် ၂ ဇူလိုင်
မူဆယ်-မန္တလေး ရထားလမ်းပိုင်း ဖြစ်နိုင်စွမ်းလေ့လာခြင်း (Feasibility Study) အတွက် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (Environmental Impact Assessment-EIA) ဆိုင်ရာ လူထုတွေ့ဆုံပွဲ အခမ်းအနားကို ဇူလိုင် ၂ ရက် နံနက် ၉ နာရီတွင် မူဆယ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ပြီး မူဆယ်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်က အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာ့မီးရထားမှ လက်ထောက်အင်ဂျင်နီယာ ဦးဌေးလှိုင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး စီမံကိန်းလည်ပတ်ခြင်း လုပ်ငန်းများကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးနိုင်မှုများနှင့် ကာကွယ်လုပ်ဆောင်သွားရမည့် နည်းလမ်းများကို Ever Green Tech Environmental Services and Training Co,Ltd. မှ ပညာရှင်များက ဆွေးနွေးရှင်းလင်းသည်။
ဆက်လက်၍ တက်ရောက်လာသည့် ဒေသခံပြည်သူများက မူဆယ်-မန္တလေးရထားလမ်းနှင့် သက်ဆိုင်သည့် သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်သူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတ အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


