နေပြည်တော် ၂ ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်နှင့် အကြီးတန်းစာရေး ဒေါ်ညိုညိုဝင်း (ခ) မညိုတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မရဲစခန်းတွင် ဇူလိုင် ၂ ရက်၌ ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။


အဆိုပါ ထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာအုပ်စုရှိ မြေကွက်နှင့် ဆန်စက်အတွက် တံဆိပ်ခေါင်းဘိုး ကျသင့်ငွေ ကျပ်သိန်း (၃၀)ကို မြို့နယ်အခွန် ဦးစီးဌာနမှူး ဦးအောင်အောင်အား လက်ရောက်ပေးအပ်ခဲ့ကြောင်း၊ မြန်မာ့စီးပွားရေး ဘဏ်သို့ ငွေသွင်းချလန်အရ နိုင်ငံတော်ရငွေမှာ ငွေကျပ် ၁,၈၇၈,ဝ၀ဝိ/- ဖြစ်၍ ပိုငွေ ကျပ် ၁,၁၂၂,ဝ၀ဝိ/-ကို ၎င်းနှင့် ရုံးအဖွဲ့အတွက်ဟုဆိုကာ ငွေကြေးရယူခဲ့မှုအပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း။


တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်သည် ရွှေဘိုမြို့ မင်းကျောင်း ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၈၁၀)၊ တပ်မြို့တောင်ကွင်း၊ ဦးပိုင်အမှတ် A.2(21) ဧရိယာ (ဝ.၂၂၉) ဧကနှင့် A.2(52) ဧရိယာ (ဝ.၂၃၀) ဧက စုစုပေါင်းမြေကွက် (၂)ကွက် ဧရိယာ (ဝ.၄၅၉) ဧကနှင့် ယင်း မြေကွက်ပေါ်ရှိ အဆောက်အဦတို့အား ကာလတန်ဖိုး သတ်မှတ်ခြင်းနှင့် တံဆိပ်ခေါင်းခွန် ငွေပေးသွင်းရန်အတွက် ငွေကျပ် သိန်း(၃၀)ကို ပိုင်ရှင်၏ ကိုယ်စားလှယ်ထံမှ တောင်းခံရယူခဲ့ကြောင်း၊ ၂၉-၅-၂၀၁၉ ရက်စွဲပါ ပိုင်ရှင်အမည်ဖြင့် မြန်မာ့စီးပွားရေးဘဏ်သို့ အမှန်တကယ် တံဆိပ်ခေါင်းခွန် ပေးသွင်းသည့် ငွေသွင်းချလန်တွင် တံဆိပ်ခေါင်းခွန် ကျသင့်ပေးသွင်းငွေမှာ ၁,၈၇၈,ဝ၀ဝိ/- သာဖြစ်၍ ပိုငွေကျပ် ၁,၁၂၂,ဝ၀ဝိ/- အား ရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်အောင်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ အကြီးတန်း စာရေး ဒေါ်ညိုညိုဝင်း (ခ) မညိုသည် မြို့နယ် အခွန်ဦးစီးဌာနမှူး ဦးအောင်အောင်မှ အဂတိလိုက်စားမှု ကျူးလွန်ရာတွင် အတူ ပူးပေါင်းကြံစည်ခြင်း၊ အားပေးကူညီခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရွှေဘိုမြို့နယ် အခွန်ဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ညိုညိုဝင်း (ခ) မညို အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မရဲစခန်းတွင် ၂-၇-၂၀၁၉ ရက်နေ့၌ ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။


MDN