ရန်ကုန် ၂ ဇူလိုင်
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စီစဉ်ကျင်းပသော ၅၇၃ ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ရွှေတိဂုံစေတီတော် ရင်ပြင်တော် တောင်ဘက်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဗဟန်းမြို့နယ် ညောင်တုန်းပါဠိ တက္ကသိုလ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဝရာ ဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချ အနုမောဒနာတရားနာယူကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယနေ့ပြုလုပ်သော အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော်(ရွှေပြား) အလှူရှင် ၁၆၄ ဦးထံမှ ရွှေပြားပေါင်း ၁၇၇ ချပ်၊ ရင်ပြင်တော်အခင်း ကျောက်ပြားအလှူရှင် ၇၅၁ ဦးက ကျောက်ပြားချပ် ၂၂၅၃၇ ချပ်လှူဒါန်းခဲ့ကြပြီး ငွေသားအလှူရှင် ၁၂ ဦး အပါအဝင် လှူဒါန်းငွေ စုစုပေါင်းငွေကျပ် ၅၃၁၆၁၃၇၅၀ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


