မင်းဘူး ၂ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ခန်ကုန်းကျေးရွာ အလက(ခွဲ)ကျောင်းတွင် ရာသီတုပ်ကွေးဖျား ကျောင်းသားကျောင်းသူ(၄၈)အား ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ မင်းဘူး(စကု) မြို့နယ်၊ ခန်ကုန်းကျေးရွာအုပ်စု၊ ခန်ကုန်းကျေးရွာ (၁)၊ (၂)၊ ကြောင်ပန်ကုန်းကျေးရွာ၊ ဘုမ္မနိုးကျေးရွာနှင့် ပေါင်းရွာကျေးရွာတို့ရှိ အလက(ခွဲ) ခန်ကုန်းကျောင်းသို့ ကျောင်းသား (၄၄) ဦး၊ ကျောင်းသူ (၅၀) ဦး၊ စုစုပေါင်း (၉၄) ဦး ဖျားနာနေကြောင်း သတင်းရရှိသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ စည်ပင်အမှုဆောင်အရာရှိ ဦးဝင်းနိုင်၊ ဒုခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး၊ မြို့နယ်လက်ထောက် ကျန်းမာရေးမှူးနှင့်် အဖွဲ့၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ စုစုပေါင်း အင်အား (၃၀) ဦးတို့က သွားရောက်စစ်ဆေးခဲ့ပြီး ရာသီတုပ်ကွေးဖျားလူနာ (၂၇) ဦး၊ သွေးတိုးလူနာ(၂) ဦး၊ ရိုးရိုးဖျားလူနာ (၇) ဦး၊ အခြားလူနာ (၁၂) ဦး စုစုပေါင်း (၄၈) ဦးတို့အား ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆေးဝါးကုသမှုများအပြင် ကျောင်းအတွင်း ခြင်ဆေးဖျန်းခြင်း၊ ကျေးရွာအတွင်းသို့ လှည့်လည်၍ အေဘိတ်ဆေးခတ်ခြင်း၊ ဖုန်း၊ သွန်၊ လှဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအပြင် ကျေးလက်ကျန်းမာရေးဌာနခွဲသို့ လာရောက်ကုသသော လူနာများအား မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှ အာဟာရမုန့်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလူနာများ ထူခြားမှုများ ဖြစ်ပေါ်လာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး ဆေးကုသမှု ခံယူရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)၊ မျိုးမြတ်(မင်းဘူး)၊


