နတ်မောက် ၂ ဇူလိုင်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဂွေးတောက်စမ်းကျေးရွာအုပ်စု၊ လင်းဒလူးကျေးရွာ၌ နွေရာသီ သောက်သုံးရေရှားပါးမှု မရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် အဝီစိစက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
လင်းဒလူးကျေးရွာသည် ယခင်က ကျေးရွာပိုင် စက်ရေတွင်းတစ်တွင်းရှိသောကြောင့် သုံးရေအတွက် အဆင်ပြေသော်လည်း သောက်သုံးရန် ကောင်းမွန်မှုမရှိသဖြင့် မရှိသဖြင့် သောက်ရေအတွက် အခက်အခဲများရှိခဲ့ကြာင်း၊ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၂၀ ဒသမ ၆၅၆ သန်းဖြင့် လေးလက်မအကျယ် အနက်ပေ ၅၀ဝ ခန့်ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၄၀ဝ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က ပြောပြသည်။
အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ (၁၂၈)၊ လူဦးရေ (၆၇၃) ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် နွေရာသီ သောက်သုံးရေအခက်အခဲများ အဆင်ပြေသွားမည်ဖြစ်သည်။
နတ်မောက်မြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် လင်းဒလူးကျေးရွာအပါအဝင် ကူနီကျေးရွာ၊ ဘူးပင်တဲ ကျေးရွာ၊ နဘူးတောင်ကျေးရွာ၊ လျှော်တောင်ကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ ဖက်တောရေကျေးရွာ စသည့် ကျေးရွာခုနစ်ရွာ၌ စက်ရေတွင်း ခုနစ်တွင်းတူးဖော်ခြင်းနှင့် ဆက်စက်လုပ်ငန်းများကို ငွေကျပ် ၁၇၄ ဒသမ ၈၄၉ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဦးကျော်ဦး (ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)


