တောင်ကြီး ၂ ဇူလိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကွင်းမင် ကွင်းမန် မဲခေါင်စီးပွားရေးလုပ်ငန်းတို့မှ ပူးတွဲကျင်းပသော မြန်မာ-တရုတ် ကုန်ပစ္စည်းမိတ်ဆက်ရောင်းချ ပွဲပြပွဲ၊ ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကမ္ဘောဇကုန်သွယ်မှု ဗဟိုဌာနခန်းမဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက မြန်မာ-တရုတ်နှစ်နိုင်ငံအကြားစီးပွားရေးအခွင့်အလမ်းများ ပိုမိုတိုးချဲ့နိုင်စေရန်နှင့် ချစ်ကြည်ရင်းနှီးမှုကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများ အပြန်အလှန်တိုးပွားလာစေရန် အရည်အသွေးပြည့်မီသော တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများကို မြန်မာ့ဈေးကွက်သို့ မိတ်ဆက်ပေးရန်နှင့်ရှမ်းပြည်နယ်ထွက်ကုန်ပစ္စည်းများကိုလည်းတရုတ်နိုင်ငံသို့ ပြန်လည်မိတ် ဆက်ပေးရန်ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာ-တရုတ်ကုန်ပစ္စည်း မိတ်ဆက်ရောင်းချပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံလုပ်ငန်းရှင်(၂၅)ဦးမှ လူသုံးကုန် ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ မီးဖိုချောင်းသုံး ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အစားအသောက်များ၊ မြန်မာနိုင်ငံလုပ်ငန်းရှင်(၇)ဦးမှ ရှမ်းပြည်နယ်ထွက်ကုန် ပစ္စည်းများဖြစ်သည့် ကော်ဖီ၊ ထောပတ်သီး၊ လက်မှုပစ္စည်းများ၊ သီးနှံများစသည့်ကုန်ပစ္စည်းများကို ပါဝင်ပြသထားကြောင်း သိရသည်။
အဆိုပါ မြန်မာ-တရုတ်ကုန်ပစ္စည်းမိတ်ဆက်ရောင်းချပွဲကို ဇူလိုင်လ ၂ ရက်မှ ၁၃ ရက်အထိ ကမ္ဘောဇကုန်သွယ်မှု ဗဟိုဌာနခန်းမ၌ နံနက် ၉နာရီမှ ည ရနာရီအထိရောင်းချပြသသွားမည်ဖြစ်ကြောင်းသိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)


